ရန်ကုန်တိုင်းမှာ လှုပ်ရှားနေတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တချို့ လွန်ခဲ့တဲ့ ၂ ရက်က စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
ဒါပေမဲ့ အဖမ်းခံထားရတဲ့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေကို လွတ်မြောက်နေတဲ့ပုံစံ ဖန်တီးပြီး သူတို့နဲ့ဆက်စပ်ပတ်သက်နေသူတွေကို စစ်ကောင်စီက စုံစမ်းမှုတွေလုပ်နေတယ်လို့လည်းဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဘယ်အဖွဲ့အစည်းက ဘယ်သူတွေ ဖြစ်တယ်ဆိုတာကိုတော့ အတိအကျ ပြောဆိုခြင်းမရှိပါဘူး။
အဖမ်းခံလိုက်ရတဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ အခုချိန်ထိ အဆက်အသွယ်ရနေသေးပေမယ့် မူမမှန်တဲ့ ဆက်သွယ်မှုတွေလုပ်လာတာကြောင့် ရန်ကုန်တိုင်း စစ်ဒေသကွက်ကဲရေးအဖွဲ့အနေနဲ့ သတိထားစောင့်ကြည့်ဆက်ဆံမှုတွေတော့ ဆက်လက်လုပ်ဆောင်နေပြီး တော်လှန်ရေးရဲဘော်တွေ အနေနဲ့ မူမမှန်တဲ့ ဆက်သွယ်မှုတွေလုပ်လာရင် သတိထားကြဖို့ ဆော်ဩထားပါတယ်။
အရင်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြောက်ကျားတော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးပြီး လွတ်မြောက်နေသေးတဲ့ပုံစံ ဖန်တီးကာ ကျန်တော်လှန်ရေး ရဲဘော်တွေနဲ့ အချိတ်အဆက်တွေရအောင် လုပ်ဆောင်ကာ ထောင်ဖမ်းဆီးခဲ့တဲ့ အတွေ့ကြုံတွေရှိခဲ့တာကြောင့် သတိထားပြီးအဆက်သွယ်ကွန်ရက်တွေ ဖြတ်တောက်နိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာနက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကတော့ ပျံလွှားအောင်စစ်ဆင်ရေးလို့ အမည်ပေးပြီး စစ်ကောင်စီရဲ့ ယန္တရားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ၃ ခုပေါင်းထားပြီး ဟံသာဝတီခရိုင်လို့သတ်မှတ်ထားတဲ့ အဲဒီ ပျံလွှားအောင်စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြောက်ကျားတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။