ချင်းပြည်နယ် မတူပီမြို့ မတူပီ-ပလက်၀ လမ်းပေါ်က နယ်မြေခံတပ်ရင်း ခမရ ၃၀၄ တပ်ရင်းကို ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၃ နာရီလောက်မှာ CDF မတူပီတပ်ဖွဲ့က အလစ်ငိုက် မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ မတရားဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူ ၁၀ ဦးအတွက် လက်စားချေတုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ CDF မတူပီတပ်ဖွဲ့က ပြောပါတယ်။
မတူပီ-ဟားခါးလမ်း ကီလှုန်းကျေးရွာနဲ့ လုံလှော်ကျေးရွာကြားမှာ ဇန်နဝါရီ ၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ CDF မတူပီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ကီလှုန်းကျေးရွာက လုံလှော်ကျေးရွာကိုသွားတဲ့ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားပြီးနောက် လမ်းပြနဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုကာ ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီကသိရပါတယ်။
CDF မတူပီ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြေကွဲရပြီး စစ်ကောင်စီတပ်ကျဆုံးတဲ့အထိ တိုက်ပွဲဆက်လက်ဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့နဲ့ ၈ ရက်နေ့ကလည်း ထယ်ဘွေးတပ်စခန်းကို CDF မတူပီတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။