ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ရှိ ခမ်းလီရွှေဆိုင်မှာ ဇန်နဝါရီ ၇ ရက် ဒီနေ့ မွန်းလွဲပိုင်းက အမည်မသိလူတစ်စုက ဓားပြတိုက် သေနတ်နဲ့ ပစ်ခတ်လို့ လူနှစ်ယောက် ဒဏ်ရာရှိရရှိခဲ့ပါတယ်။
ဆိုင်ကယ်သုံးစီး လူ ၆ ယောက်က ဦးထုပ်အမည်း၊ အမည်းရောင်ဝတ်စုံနဲ့ မျက်နှာဖုံး maskတွေ တပ်ဆင်ထားပြီး ခမ်းလီရွှေဆိုင်ရှိ မှန်ကိုရိုက်ခွဲနေတာကို စျေးသူစျေးသားတွေက ဝိုင်းဝန်းဖျန်ဖြေဖို့ကြိုးရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
ဒေသခံ တစ်ဦးက "သေနတ်တချက်သာပစ်ပေမဲ့ ကျည်က နှစ်ယောက်ထိသွားတယ်။ ခွန်မောင်လုံးရဲ့ ညာဘက်ဝမ်းဗိုက်ကနေ ဘယ်ဘက်ဗိုက်ကိုထွက်သွားပြီး ခွန်ညွန့်လိုင်ရဲ့ခြေထောက်ကိုသွားထိတာ ခွန်မောင်လုံးက စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်"လို့ ပြောပါတယ်။
ဒဏ်ရာရသူမှာ နမ့်စန်မြို့ ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ခွန်မောင်လုံးနဲ့ ဒေသခံ ခွန်ညွန့်လိုင်တို့ ဖြစ်ပါတယ်။
ဒဏ်ရာရရှိသူနှစ်ယောက်ကို နမ့်စန်ဆေးရုံမှာပို့ဆောင်ပြီး ဆေးကုသမှုခံယူနေကာ လုယက်ခံရတဲ့ ခမ်းလီရွှေဆိုင်ရှိ ဆုံးရှုံးမှုပစ္စည်းတန်ဖိုးကို အတည်မပြုနိုင်သေးပါဘူး။