Home
ဆောင်းပါး
အာဏာကတော့ သိမ်းကို သိမ်းဖို့ပဲ
DVB
·
January 6, 2022
arnar

၂၀၁၈ ဆောင်းတွင်းကာလက လက်တွေ့ အတွေ့အကြုံတစ်ခုကို တင်ပြပါရစေ။ သံတော်ဆင့်ဂျာနယ်မှာ အယ်ဒီတာအာဘော် အဆိုင်းမင့်ပေးလို့ ပင်တိုင်ရေးနေတဲ့ကာလပါ။ အယ်ဒီတာတစ်ဦးနဲ့ ရှမ်းပြည်ဘက် ခရီးသွားခဲ့ပါတယ်။ အယ်ဒီတာက တောင်ကြီးကနေ အရေးပေါ် နေပြည်တော်သွားစရာရှိ့လို့ ပြန်နှင့်ပါလို့ ပြောပါတယ်။ နောက်တော့လိုက်ခဲ့ပါ အတွေ့အကြုဲရတာပေါ့လို ခေါ်လို့ တောင်ကြီးကနေ နေပြည်တော် မှန်လုံလေးနဲ့ ဆင်းလာခဲ့ပါတယ်။

ပြည်တော်ရောက်တော့ သမ္မတဦးဝင်းမြင့်အိမ်က ကားကြိုနဲ့ သမ္မတအိမ်တော်ကို သွားကြပါတယ်။ ပိတ်ရက်ဖြစ်တဲ့အတွက် ရောက်တတ်ရာရာ ပြောဆိုကြရင်း အယ်ဒီတာနဲ့ လိုက်ခဲ့ရခြင်းအတွက် အဓိကသိလိုတဲ့မေးခွန်း မေးဖြစ်ခဲ့ပါတယ်။

“ဆရာတို့အစိုးရအဖွဲ့ကို အင်တဲလီးဂျင့်ဆားဗစ်တွေ (ထောက်လှန်းရေးအဖွဲ့မျိုးစုံ)က အထောက်အကူရောပြု့ရဲ့လား” လို့ မေးဖြစ်ခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်က “ဘာမှမရဖူး၊ ရခိုင်ကိစ္စဆို (ဘင်္ဂါလီပြဿနာ) ဖြစ်တဲ့အချိန်အထိ ကာကွယ်ရေးရော၊ ပြည်ထဲရေးဆီကရော တရားဝင်(တရားဝင်) သတင်းအချက်အလက် ဘာမှ မတင်ပြကြဘူး။ ဖြစ်ပြီးမှပဲ အခြေအနေကိုကြည့်ပြီး နောက်ကလိုက်လုပ်ရတာ” လို့ ဆိုပါတယ်။

နောက် လွှတ်တော်ဥက္ကဋ္ဌဘဝတုန်းက နေ့စဉ် နိုင်ငံတော်လုံခြုံရေးအစီရင်ခံစာဆိုပြီး ဘယ်လို လိပ်စာမှားလာလဲ မသိဘူး တစ်ခါရဖူးတယ်။ ဒါလည်း အန်အယ်လ်ဒီ အပါအဝင် နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှု သတင်းတွေချည်းပါပဲ။ 

သမ္မတဖြစ်တော့ “ဝန်ကြီးတွေ (ကာကွယ်ရေးနှင့် ပြည်ထဲရေး) ကျွန်တော် လွှတ်တော်ဥက္ကဋ္ဌဘဝက နိုင်ငံတော်လုံခြုံရေး နေ့စဉ်အစီရင်ခံစာဆိုပြီး တစ်ခါ ရဖူးတယ်ဗျ။ အခု အဲဒါ မတင်ပြဖူးလား” လို့ မေးတော့..  ဝန်ကြီးတွေက “အဲဒါမျိုး မရှိပါဘူးလို့ ပြိုင်တူငြင်းကြတယ်ဗျ” လို့ ပြောပါတယ်။

အင်တဲလီးဂျင့်ဆားဗစ်တွေက သတင်းအချက်အလက်တွေမပေးတော့ လုပ်ရကိုင်ရတာ အခက်အခဲရှိမှာပဲလို့ စကားထောက်တော့ သမ္မတကြီးက “အိမ်မှာ သမီးက ဖေ့ဘွတ်ခ်ကြည့်ပေးတယ်၊ ရုံးကကလေးအချို့က ကြည့်တယ်၊ တချို့ကိစ္စတွေဆို ကက်ဘိနက်မှာ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေကို ကဲဝန်ကြီးတွေ ဒီကိစ္စက ဖေ့စ်ဘွတ်ခ်မှာ ဒီလိုတွေတော့ ဖြစ်နေပြီ၊ ကြည့်လုပ်ပါဦး ဆိုပြီး ဖေ့စ်ဘွတ်ခ်ပြပြီး  ခိုင်းနေရတယ်” လို့ ဆိုပါတယ်။

ယခင်ကအပြင်မှာ ဖေ့စ်ဘွတ်ခ်အစိုးရလို့ ပြောသံဆိုသံ အတင်းတုတ်သံ ကြားဖူးပေမဲ့၊ သမ္မတအိမ်တော်ရဲ့ ဧည့်ခန်းမှာ သမ္မတကိုယ်တိုင် ခုလို ပြောသံကြားလိုက်ရမှ သက်ပြင်းချလိုက်ရပါတော့တယ်။ 

ပိုပြီး စိတ်ဓာတ်ပဲ ကျရတော့မလိုလို သနားရတော့မလိုလို ဖြစ်သွားတဲ့ကိစ္စကတော့ သူပြောတဲ့ “ခင်ဗျားတို့ အခုလို လာတာ ဒီကောင်တွေ သူတို့အဘတွေဆီ သတင်းပို့ပြီးလောက်ပြီဗျ၊ ပို့မှာပါ CCTV တွေလည်း ရှိနေတာပဲ” ဆိုတဲ့စကားပါပဲ။

၂၀၀၈ အခြေခံဥပဒေအရပဲဖြစ်ဖြစ်၊ နိုင်ငံ‌တစ်ခုရဲ့ ဥပဓိအရပဲဖြစ်ဖြစ် နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံမှာ နံပါတ်တစ် အမြင့်ဆုံးရာထူးပုဂ္ဂိုလ်ပါ။ ဒီလိုလူပုဂ္ဂိုလ်ဆီက ဒီလိုစကား ကြားလိုက်ရတဲ့အတွက် နိုင်ငံတော်ရဲ့အခြေအနေကို သက်ပြင်းချရုံမှတစ်ပါးပါပဲ။

နောက်စိတ်ဝင်စားစရာ ပြောတာက “၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ဘာလို့ ထုတ်ပြန်ဖို့ နောက်ကျတာလဲ သိလားဗျ။ သူတို့က ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်ဖို့ကို မရှိဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်က ဒီသတင်းရလို့ တစ်ညလုံး မိုးလင်းတဲ့အထိ ဖုန်းတွေ တောက်လျှောက် ဆက်ပြီးတော့မှ နောက်ဆုံးမှ ထုတ်ပြန်ပေးတာဗျ" လို့ဆိုပါတယ်။

ဒီလို နိုင်ငံရေးအခင်းအကျင်းထဲမှာ ၅ နှစ်သက်တမ်းအတွင်း ဘယ်လိုရုန်းကန်ကြရမယ်ဆိုတာ တွေးကြည့်ရုံနဲ့ ရင်မောစရာပါ။

၂၀၂၀ ရွေးကောက်ပွဲ မဲအပြတ်အသတ်အနိုင်ရပြီးတဲ့နောက် အာဏာသိမ်းတာဟာ မင်းအောင်လှိုင် တစ်ဦးတည်းတင်မကပဲ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ထုတ်ပြန်ပေးခဲ့ရလို့ မချင့်မရဲဖြစ်နေတဲ့ စစ်အုပ်စုကြီးတစ်စုလုံးရဲ့ ကြိုတင်ကြံစည်ချက်ပဲဆိုတာ သတိပြုမိဖို့ပါ။

မဲစာရင်း ဆိုတာကလည်း အာဏာသိမ်းကိုသိမ်းမှာဖြစ်လို့ အကြောင်းပြချက်သက်သက်သာ ဖြစ်ပါတယ်။ အာဏာရှင်တိုင်းပြည်တွေရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတာ သူတို့ အသွင်ပြောင်းထားတဲ့ ပါတီတွေ အနိုင်ရပြီး သူတို့အုပ်စိုးမှု ပိုမိုခိုင်မာရေးအတွက်ပဲ ဖြစ်တယ်။ ဒီမိုကရေစီအသွင်ပြောင်းမှုနှုန်း အရမ်းမြန်လာရင် သူတို့အာဏာအုပ်စီးရေးအတွက် ထိတ်လန့်လာပြီး နောက်ပြန်လှည့်တတ်တယ်၊ အာဏာပြန်သိမ်းတတ်တယ်ဆိုတဲ့ ဗားရှင်းအတိုင်း လုပ်သွားကြတာပါပဲ။

၅ နှစ်တာကာလအတွင်း ဒီမိုကရေစီအရှိန်ကို ရသလောက် တင်ခဲ့ပြီး ပြည်သူကို ဒီမိုကရေစီ အရသာကို ရသလောက် အမြန်မိတ်ဆက်ပေးခဲ့တာတော့ NLD ကို ကျေးဇူးတင်ရမှာပါ။ ဒါပေမဲ့ ၅ နှစ်တာအတွင်း ဖြစ်လာမယ့်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ခဲ့မှု မရှိတာကတော့ အာဏာသိမ်းပြီးနောက် တက်ကြွစွာ လှုပ်ရှားခဲ့သူအားလုံး အသံမထွက်နိုင်၊ မလှုပ်ရှားနိုင်တော့တာက သက်သေပါပဲ။ ဒီမိုကရေစီအခွင့်အရေးအတွက် ဆက်လက်လှုပ်ရှားလိုသူ အများစုကတော့ လက်နက်ကိုင်တော်လှန်ရေးမှာ လှုပ်ရှားနေကြတာကို တွေ့ရတာပါပဲ။

ပြန်ချုပ်ပြောရရင် ၂၀၁၅ ကတည်းက အာဏာလွှဲမပေးလိုတာပါ။ ၂၀၂၀ မှာ ဘယ်လိုပဲဖြစ်ဖြစ် အာဏာသိမ်းမှာပါပဲ။ ပြည်သူကလည်း ရိပ်စားမိလို့ လူထုတိုက်ပွဲ၊ ဥပဒေတွင်းတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ စသဖြင့် နည်းမျိုးစုံနဲ့ ပြန်လည်တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်။

မိတ်ဆွေဖြစ်သူ အယ်ဒီတာနဲ့ သမ္မတအိမ်တော်က ထွက်လာတော့ ကိုယ့်ဆရာရေ ဒီအတိုင်းဆို သမ္မတကိုယ်တိုင်က နိုင်ငံတော်အကျယ်ချုပ်ဖြစ်နေတဲ့သဘောပဲဗျလို့ ညည်းတွားဖြစ်ခဲ့ပါတယ်။

စိမ်းမောင်

ကိုးကား-- မဟာဗျူဟာ (မင်းလွင်ထူး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024