နယ်ချဲ့ကိုလိုနီဘဝမှ လွတ်မြာက်သည့်နေ့
“မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤ ငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။”
ဤသည်မှာ မြန်မာပြည်အနှံ့ လွတ်လပ်ရေးမော်ကွန်းကျောက်စာတိုင်များတွင် ကမ္ပည်းထိုးထားသည့် လွတ်လပ်ရေးကြေညာစာတမ်းပါ အချက်များထဲက တစ်ခု ဖြစ်သည်။ ၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးမှ စတင်ကာ မြန်မာပြည်သည် အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ တဖြည်းဖြည်း ကျရောက်ခဲ့ရသည်။ ၁၈၈၅ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင်မူ အထက်မြန်မာနိုင်ငံ အပါအဝင် မြန်မာတနိုင်ငံလုံး နယ်ချဲ့ကိုလိုနီလက်အောက်သို့ လုံးဝကျရောက်ခဲ့ရတော့သည်။ လွတ်လပ်မှုတို့ နိဋ္ဌိတံခဲ့ရသည်။
ဤသို့ နှစ်ပေါင်း ၁၂၂ နှစ်ကြာ ဆုံးရှုံးခဲ့ရသော လွတ်လပ်ရေးကို ပြန်လည်ရရှိဖို့ ကျွန်မတို့၏ အရင်မျိုးဆက်အသီးသီးတို့မှ နှစ်ပေါင်းများစွာ ညီညွတ်စွာ ကြိုးပမ်းတိုက်ပွဲဝင်ခဲ့ကြရသည်။ သူတို့၏ စွန့်လွှတ်အနစ်နာခံမှု၊ ညီညွတ်မှု၊ ဇွဲရှိမှုတို့ဖြင့် တိုက်ပွဲဝင်ခဲ့ရာ ၁၉၄၈၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီအချိန်ကျမှ ဆုံးရှုံးခဲ့ရသော လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့ပေသည်။ ဤအခါကျမှ နှစ်ပေါင်း ၁၂၂ နှစ်ကြာ မြန်မာ့မြေပေါ်တွင် မတရားသဖြင့် လွှင့်ထူထားသော ဗြိတိသျှယူနီယံဂျက်အလံကို ဖြုတ်ချကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို ငွားငွားစွင့်စွင့် လွှင့်ထူနိုင်ခဲ့ပေတော့သည်။
လွတ်လပ်ရေးနှောင်းပိုင်း တိုင်းပြည်အခြေအနေ
ဤသို့ ရရှိလာသော လွတ်လပ်ရေးသည် နိုင်ငံရေးအားဖြင့်သာ လွတ်လပ်ပြီး စီးပွားရေး၊ စစ်ရေးအားဖြင့် လွတ်လပ်မှုမရှိဟုလည်း တချို့က ဝေဖန်ခဲ့ကြသည်။ ထိုနည်းတူ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် အသွင်အားဖြင့် ပြည်ထောင်စုစနစ်ဟု ထင်ရသော်လည်း အနှစ်သာရအားဖြင့် တပြည်ထောင်စနစ်ဟုလည်း ပြောဆိုသုံးသပ်ခဲ့ကြသည်။ ၎င်းတို့နှင့်အတူ အယူဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ ပဋိပက္ခများအပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်မှုများသည်လည်း မြန်မာပြည်အနှံ့ ပေါ်ထွက်လာခဲ့သည်။
ဤသို့ ပဋိပက္ခမီးများ ဟုန်းဟုန်းတောက်လောက်မှုများ ရှိခဲ့သည့်တိုင် အခြားတဘက်တွင် တိုင်းပြည်၏ အခြေအနေသည် အရမ်းကြီးဆိုးရွားခဲ့သည်တော့ မဟုတ်။ အထူးသဖြင့် ၁၉၅၂ နောက်ပိုင်း တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးအဆင့်အတန်းများသည် ကောင်းမွန်လာခဲ့သည်။ စီးပွားရေးအရ အရှေ့တောင်အာရှတွင် အတောင့်တင်းဆုံးဖြစ်ခဲ့သလို ဂျပန်နိုင်ငံ ပြီးလျှင် အာရှတိုက်၏ စီးပွားရေးအတောင့်တင်းဆုံးနိုင်ငံ ဖြစ်ခဲ့သည်။
ပုဂ္ဂလိကဘဝများတွင်လည်း ထိုခေတ်က အနိမ့်ဆုံးလခစားပင်လျှင် ၎င်းတို့ရရှိသော ဝင်ငွေဖြင့် မိသားစုကို လောက်ငစွာ ကျွေးနိုင်ရုံတင်မက အခြားအပိုပစ္စည်းများကိုပင် ဝယ်ယူနိုင်ခဲ့ကြသည်။
စီးပွားရေးတစ်ခုတည်းသာမက ပညာရေးဆိုလျှင်လည်း ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှ၏ အဆင့်မြင့်တက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပါသည်။ အိမ်နီးချင်းနိုင်ငံများကပင် လာတက်ခဲ့ရသလို ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရမှသာလျှင် ၎င်းတို့၏ သက်ဆိုင်ရာအလုပ်များတွင် လစာဝင်ငွေကောင်းသည်အထိပင် ဖြစ်ခဲ့ပါသည်။ ထို့အပြင် မင်္ဂလာဒုံလေယာဥ်ကွင်း၊ အောင်ဆန်းကွင်း၊ သမ္မတရုပ်ရှင်ရုံများသည်လည်း အရှေ့တောင်အာရှ၏ အကောင်းဆုံးအရာများ ဖြစ်ခဲ့ပေသည်။ ဒါတောင် ထိုခေတ်က အခြေအနေသည် ဒီမိုကရေစီအပြည့်အဝရကာ နိုင်ငံရေးတည်ငြိမ်မှု အပြည့်အဝရှိခဲ့တာ မဟုတ်ပေ။
ဤသို့ ဤနှယ် အခြေအနေမျိုးသည် ကံဆိုးစွာပင် ဆယ်နှစ်မျှသာ တာရှည်ခံခဲ့ပေသည်။
စစ်ကျွန်ဘဝ ကျရောက်ခဲ့ခြင်း
ညီညွတ်ရေးပျက်ပြားမှု၊ ညီညွတ်လာအောင် ဦးဆောင်နိုင်စွမ်းမရှိမှု စသည်တို့ကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၊ အသုံးချကာ ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်အုပ်စုက ၁၉၅၈ တွင် ပထမဦးဆုံးအကြိမ် စစ်အာဏာသိမ်းယူခဲ့ပေသည်။ နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ စာပေကိစ္စအဝဝကို စစ်တပ်က လက်ဝါးကြီးအုပ်ကာ အာဏာကို စတင်မြည်းစမ်းခွင့် ရရှိသွားခဲ့သည်။
ထိုအချိန်မှစပြီး ၎င်းတို့၏ အာဏာငန်းဖမ်းရောဂါ စတင်လာပေတော့သည်။ ၁၉၆၀ တွင် အရပ်သားအစိုးရကို အာဏာပြန်လည်လွှဲအပ်ပေးခဲ့သည့်တိုင် အာဏာကို ဘိန်းစွဲသလို စွဲနေပြီဖြစ်သော စစ်အုပ်စုသည် ၁၉၆၂ တွင်မူ ဒုတိယအကြိမ်အာဏာသိမ်းကာ စစ်အာဏာရှင်ခေတ်ကို အပီအပြင် တည်ထောင်ခဲ့ပေတော့သည်။
ဤသို့ဖြင့် မြန်မာပြည်သည်လည်း အမှောင်ခေတ်ကို ရောက်ရှိသွားခဲ့ရပေသည်။ သည့်နောက်ပိုင်းတွင် စစ်ခေါင်းဆောင်အမျိုးမျိုး၊ အပေါ်ယံပုံစံအမျိုးမျိုး ပြောင်းလဲခဲ့သော်လည်း စစ်အုပ်စုက စစ်အာဏာရှင်စနစ်နှင့်ပင် တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်ခဲ့သည်မှာ ၂၀၁၅ အထိပင် ဖြစ်ခဲ့ပေတော့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့အစိုးရလက်ထက်တွင် အမှောင်ထဲမှ အလင်းရောင်ပျပျ မြင်တွေ့ခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ငမိုက်သား အာဏာရှင်ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်အုပ်စုက စစ်အာဏာသိမ်းခဲ့ပေသည်။ ထိုအလင်းရောင်ပျပျလေးပင် ကွယ်ပျောက်ခဲ့ရသည်။
မလွတ်လပ်သေးသည့် လွတ်လပ်ရေးနေ့
ယနေ့သည် မြန်မာနိုင်ငံ၏ ကိုလိုနီနယ်ချဲ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့တာ ၇၄ နှစ်ပြည့်ပြီ ဖြစ်သည်။
သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့သော်လည်း ၁၉၅၈ မှ စတင်ကျရောက်ခဲ့သည့် စစ်ကျွန်ဘဝမှာတော့ မလွတ်မြောက်သေးပေ။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပြည်သူများမှာ နေ့စဉ်နှင့်အမျှ စစ်အုပ်စု၏ အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများကို ခံနေရတုန်းပင်။ ကိုယ့်အိမ်မှာပင် လွတ်လွတ်လပ်လပ်၊ လုံလုံခြုံခြုံ နေ၍မရ။ ဘယ်အချိန်များ စစ်အုပ်စုက ငါ့ကို လာဖမ်းမလဲ၊ ဘယ်နေ့ မီးရှို့လို့၊ လက်နက်ကြီးကျလို့ ပြေးရမလဲဟူ၍ စိုးရိမ်ထိတ်လန့်ကြရသည်။
အိမ်အပြင်ထွက်တော့လည်း မထင်ရင် မထင်သလို စစ်ဆေးတာ ခံရသည်။ ကိုယ့်ဆိုင်ကယ် ကိုယ်စီးတာကိုပင် မည်သို့မည်ပုံ မစီးရ။ စီးတာတွေ့လျှင် ရိုက်နှက်ခံရ၊ ပစ်သတ်ခံရသည်။ ရောင်းရေးဝယ်တာ ကိစ္စများသည်လည်း ကုန်စျေးနှုန်း ကြီးမြင့်မှု၊ လွတ်လပ်စွာ သွားလာခွင့်၊ လုံခြုံခွင့်မရှိသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့ကြရသည်။
ကျန်သည့် ပညာရေး၊ စီးပွားရေးများတွင်လည်း အဘက်ဘက်မှ ဆုတ်ယုတ်ကျဆင်းသွားခဲ့ရသည်။ ဤသို့ လူမဆန်သည့် အကြမ်းဖက်စစ်အုပ်စုကြောင့် တတိုင်းပြည်လုံးရှိ ဒီမိုကရေစီအရေး၊ လွတ်လပ်မှုတို့ ပျောက်ဆုံးသွားရသည်။ ယနေ့သည် လွတ်လပ်ရေးနေ့ဟု ဆိုသည့်တိုင် မလွတ်လပ်သေး။ စစ်ကျွန်ဘဝမှ လွတ်မြောက်မည့်နေ့ကို ရောက်မှသာလျှင် လွတ်လပ်သည့်နေ့ဟု ခေါ်ထိုက်မည်။
ထို့အတွက်ကြောင့် ကျွန်မတို့၏ အကယ်စင်စစ် လွတ်လပ်ရေးနေ့ရောက်ဖို့ဆိုလျှင် ကျွန်မတို့၏ လုယူခံလိုက်ရသည့် ပြည်သူ့အာဏာ၊ ကျွန်မတို့၏ ဆုံးရှုံးသွားသော လွတ်လပ်ခွင့်များကို ပြန်လည်ရရှိဖို့အတွက် ဆိုလျှင် ကျွန်မတို့အားလုံး ကိုယ်တတ်နိုင်သည့်ဘက်မှ ဆက်လက် တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။ ကျွန်မတို့အားလုံး သွေးအေးလို့ မရပေ။
နွေဦးဇင်