မုံရွာမြို့နဲ့ မတ္တရာ-စဥ့်ကူးမြို့နယ် အစပ်တို့မှာ ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မုံရွာမြို့ရဲ့ ညောင်ပင်ဇောက်ရပ်ကွက် တောင်ဘက်အထွက် အမြင့်လမ်းပေါ်မှာ ဒီနေ့ မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲခံရပြီး ၈ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမြင့်လမ်းပေါ်မှာ စစ်ဆေးမှုတွေပြုလုပ်နေချိန်မှာ မြို့ပြပြောက်ကျားမဟာမိတ်ညီနောင်အဖွဲ့တွေ ပူးပေါင်းပြီး ပဒေသာမိုင်း ၆ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ Monywa Lightning ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအပြီးမှာတော့ မြို့ပြပြောက်ကျားမဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ အထိခိုက်မရှိ ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
ညောင်ပင်ဇောက်ရပ်ဒေသခံတစ်ဦးက “အဲဒီလမ်းမှာ လာသမျှပြည်သူကိုလည်း စစ်ဆေးတာတွေ၊ အပြစ်မရှိအပြစ်ရှာ ငွေတောင်းတာတွေ အမြဲလုပ်လေ့ရှိတယ်။ မနက်ကတော့ အသံအတော်ကျယ်တယ်။ ကျနော်တို့လည်း သွားမကြည့်ရဲတော့ အိမ်ထဲကနေ နားစွန့်နေရတာပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း အမြင့်လမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့ပြပြောက်ကျားအဖွဲ့က ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မန္တလေး-မိုးကုတ်လမ်းကြောပေါ်က မတ္တရာ-စဥ့်ကူးမြို့နယ်နှစ်ခု အစပ်မှာလည်း ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က စစ်ကောင်စီ ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(မတ္တရာ) အဖွဲ့က ပြောပါတယ်။
မတ္တရာမြို့နယ် ပတ်လည်အင်း ကျေးရွာမြောက်ဘက် ယက္ကန်းစင်တောင် မုခ်ဦးနဲ့ ကောင်းဆက်သာ ဆီဆိုင်အကြား မတ္တရာ-စဥ့်ကူး မြို့နယ်နှစ်ခုအစပ်မှာ စစ်ကောင်စီရဲ့ ကားနှစ်စီးကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကားတစ်စီးကိုတော့ တည့်တည့်ထိမိခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက် အသေအပျောက်များနိုင်တယ်လို့လည်း သိရပါတယ်။
မတ္တရာ မြို့နယ်အတွင်း စစ်ကောင်စီရဲ့ ဂိတ်တစ်ခုနဲ့ ယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တာ စုစုပေါင်း လေးကြိမ်ရှိပြီလို့ ပကဖ (မတ္တရာ) က ဆိုပါတယ်။