အာဏာလုပြီး ၁၁ လအကြာ မြန်မာပြည်သူခုခံတွန်းလှန်ရေး အခြေအနေကိုပြောရရင် ‘တူမီး လက်လုပ်မိုင်းနဲ့ ဂျက်ဖိုက်တာ ၁၂၀ အမြောက်’ တို့ရဲ့ တိုက်ပွဲလို့ပဲ ဆိုရမှာပါ။ ခုခံတွန်းလှန်သူတို့ ဘက်ပေါင်းစုံအခြေအနေဟာ တိုးတက်လာတယ်။ ဒေသခံ PDF တွေဟာ ရရာလက်နက်နဲ့ ခုခံတွန်းလှန်ကြတယ်ဆိုပေမဲ့ အံ့ဩလောက်အောင် အနိုင်နဲ့ရပ်တည်နိုင်ခဲ့တာတွေ့ရတယ်။
တိုးတက်အနေအထားကိုပြောရင်တော့ တိုက်ပွဲဗျူဟာသာမက ကိုယ်တိုင်လုပ် လက်နက်တီထွင်ဆန်းသစ်မှုမှာလည်း တိုးတက်လာတာကို တွေ့ရတယ်။ စစ်ရေးလိုအပ်ချက်အရ ရေမြှုပ်ဗုံးကိုလည်း စမ်းသပ်အောင်မြင်ခဲ့လို့ အသုံးချနိုင်တာကိုလည်း တွေ့ရတယ်။ အဝေးပစ် စိန်ပြောင်း တီထွင်မှုလည်း စမ်းသပ်အောင်မြင်စွာ အသုံးပြုလာခဲ့တယ်။ ဒီလက်လုပ်ပစ္စည်းတွေနဲ့ပဲ ရန်သူ့ဇီဝိန်ကို အခါမလပ် ခြွေပစ်နိုင်ခဲ့တယ်။
အာဏာလုယူအပြီး ၁၁ လအကြာ နိုင်ငံရေးအခင်းအကျင်းတွေဟာ လျှပ်တပြက်အတွင်း မျိုးစုံ ပြောင်းလဲနေတယ်။ အပြောင်းအလဲတွေက မြန်လွန်းတယ်။ အဆုံးသတ်ပိုင်းရောက်လေလေ အပြောင်းအလဲတွေက ပိုမြန်လေပဲ။ PDF တို့ရဲ့ အောင်ပွဲတွေရှိသလို ရန်သူ အထိန်းသိမ်းခံရတဲ့သူတွေလည်း ရှိနေတယ်။ မကြာမီကဖြစ်ပွားခဲ့တဲ့ လေးကေ့ကော်ဖြစ်ရပ်တွေကလည်း ‘အန်စီအေနိုင်ငံရေး’ ယိုင်ယဲ့မှုတခုဖြစ်နေပြန်တယ်။ လေးကေ့ကော်ဖြစ်ရပ်နဲ့အတူ တပြိုင်တည်းမြောက်ပိုင်း ၇ ဖွဲ့ ဆွေးနွေးပွဲကလည်း ရန်သူ့ခြေလှမ်းကို မြင်တွေ့နေရတယ်။
မပြောင်းလဲတာတွေလည်းရှိတယ်။ ၁၁ လအကြာထိ လူထုဆန္ဒပြပွဲတွေဟာ ချုပ်ငြိမ်းမသွားခဲ့ဘူး။ ဒါဟာ ပြည်သူလူထုအနေနဲ့ သွေးမအေးကြောင်း ဖော်ပြနေခြင်းပဲဖြစ်တယ်။ အာဏာသိမ်းစစ်အုပ်စုကို အခုချိန်ထိ ကမ္ဘာနိုင်ငံတွေက အသိအမှတ်မပြုကြဘူး။ ကုလသမဂ္ဂလို အဖွဲ့အစည်းကလည်း အသိအမှတ်မပြုခဲ့ဘူး။ အာဆီယံ အသိုက်အဝန်းကလည်း အသိအမှတ်မပြုသေးပါဘူး။ မြန်မာပြည်သူလူထုကလည်း ဒီနေ့အထိ စစ်အုပ်စုကို အစိုးရတရပ်အနေနဲ့ လက်မခံဘဲ ဆန့်ကျင်မြဲဆန့်ကျင်နေကြခြင်းဟာလည်း မပြောင်းမလဲတဲ့ လက်ရှိအခြေနေပဲဖြစ်တယ်။
ကမ္ဘာ့သမိုင်းမှာ ‘အရှည်ကြာဆုံး လူထုဆန္ဒပြပွဲနဲ့ အရှည်ကြာဆုံးပြည်တွင်းစစ်’ လို့ ဆိုရမယ် ထင်ပါတယ်။ ဘက်ပေါင်းစုံလို့ပြောရင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးစတာတွေကိုပဲ ထည့်ပြောရမှာပဲ။ အထူးခြားဆုံးအချက်ကတော့ တချိန်က မြန်မာပြည်သူတို့ရဲ့ နှလုံးသားလိုဖြစ်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ အာဏာလုယူပြီး ၁၁ လအကြာမှာတော့ လူထုရန်သူအဖြစ် မြင်လာရုံသာမက ‘စစ်ဓားပြ မုဒိမ်းကောင်’ အဖြစ် မြင်လာပြီး ပြည်သူလူထုရဲ့ ရွံရှာမုန်တီးခြင်းကို ခံလာရတာပါပဲ။
နမူနာတခုကို သာဓကဆောင်ပြရရင် ဒီဇင်ဘာ ၁၄ ရက်နေ့က မြောင်ဘက်မှာ စစ်အုပ်စုရဲ့တပ်သား ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်။ အဲဒီသတင်းက မြောင်ဒေသ လူထုကြားသိတဲ့အချိန်မှာ လူအုပ်စုလိုက် ရောက်လာပြီး ထုတ်ပေးဖို့တောင်းဆိုတယ်။ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းနဲ့ သူတို့ရပ်ရွာသားတွေ နေအိမ်စည်းစိမ်တွေအတွက် လက်စားချေလိုတဲ့ အငြိုးစိတ်တွေနဲ့ ရောက်လာကြတာ။ ဒေသသားဦးရေ ၂၀၀ ကျော်ခန့်ရှိသတဲ့။ အဲဒါကို PDF တွေက တောင်းပန်ပြီး ပြန်လွှတ်ဟန့်တားထားရတယ်လို့ ဆိုပါတယ်။ ဒါဟာ လူထုရဲ့ စစ်အုပ်စုအပေါ်မှာ မကျေနပ်နိုင်တဲ့ စိတ်ကိုဖော်ပြနေတာပဲ ဖြစ်တယ်။
အစိုးရတရပ်ဖြစ်ပေါ်ဖို့အတွက် အာဏာသိမ်းခံရပြီးနောက်မှာ CRPH လို့ အတိုကောက်ခေါ်တဲ့ လွှတ်တော်တရပ်အရင်ပေါ်လာတယ်။ နောက်အစိုးရတရပ်အနေနဲ့ NUG လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တိုင်းရင်သားတချို့နဲ့ ဖွဲ့စည်းလိုက်ကြတာကို အားလုံး သိပြီး ဖြစ်တယ်။
တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တာကြောင့် အာဏာလု စစ်ကောင်စီထက် တရားဝင်တယ်ဆိုတာကို ဆန့်ကျင်သူရော လက်ခံသူရော အားလုံးသိကြတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့ပြီး ၁၁ လ အကြာမှာတော့ သံတမန်အရလည်း အောင်မြင်ခဲ့သလို နိုင်ငံအများစုရဲ့ အသိအမှတ်ပြုခြင်း ခံလာရတယ်။ ကုလသံအမတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာလည်း ဆက်လက်အသိအမှတ်ပြု ရပ်တည်နိုင်ခဲ့တယ်။ အာဏာလုစစ်အုပ်စုရဲ့ ကုလကိုယ်စားလှယ်ကတော့ ဆိုင်းငံ့ခြင်း ခံလိုက်ရတယ်။
၁၁ လအကြာမှာတော့ စစ်အုပ်စုရဲ့ ရှုံးမဲ မဲတဲ့ လူမဆန်တဲ့လုပ်ရပ်များစွာဟာ သက်သေနဲ့တကွ ပေါ်ထွက်လာခဲ့တယ်။ ဒီဇင်ဘာ ၃ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၂၀ လွှတ်တော်ကိုယ်စားလှယ်တွေကို ပုဒ်မ ၁၃၀(က) ထုတ်ပြန်ပြီး ဖမ်းဆီးအမိန့်ထုတ်ခဲ့တယ်။ ဒီဇင်ဘာ ၅ ရက်က ရန်ကုန်တိုင်း ကြည့်မြင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကားနဲ့တိုက်၊ သေနတ်နဲ့ ပစ်သတ်တဲ့ဖြစ်ရပ်ဟာလည်း သက်သေခံဗွီဒီယိုဖိုင်နဲ့တကွ ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြလာကြတယ်။
ဒီဇင်ဘာ ၆ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ တရားရုံးကချခဲ့ပြီး ဗိုလ်မင်းအောင်လှိုင်အမိန့်နဲ့ ၂ နှစ်စီ လျှော့ပေးတဲ့အမိန့်ထုတ်လိုက်ပြီး အသံကောင်းဟစ်လိုက်သေးရဲ့။ “ဒီမိုကရေစီ လိုချင်ရင် စစ်တပ်အုပ်ချုပ်တာကို ခံရမယ်” လို့ ကြိမ်းမောင်းဟစ်အော်ရင်း ၅ နှစ်သမီးလေးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တာတွေလည်း မြင်တွေ့နေရတယ်။
စစ်အုပ်စုရဲ့ လူမဆန်တဲ့လုပ်ရပ်တခုကတော့ ဒီဇင်ဘာ ၇ ရက်မှာ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ‘ဒုန်းတောရွာသား’ ၁၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့တဲ့ ဗွီဒီယိုရုပ်သံဖိုင် ပေါ်ထွက်လာခဲ့တယ်။
ဒီဇင်ဘာ ၈ ရက်မှာ နောက်ထပ် မီးရှို့အသတ်ခံရသူ ၅ ဦး ထပ်မံထွက်ပေါ်လာခဲ့တာကြောင့် စုစုပေါင်း ၁၆ ဦး အထိပေါ်ထွက်ခဲ့တယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်ခဲ့တာကြောင့် ကမ္ဘာ့မီဒီယာအစုံစုံမှာ စစ်တပ်ရဲ့ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်မှုကို တအံ့တဩ ဖော်ပြခဲ့တယ်။
ဒီဇင်ဘာ ၁၀ ရက်မှာတော့ ဒုန်းတောရွာသားတွေကို အရှင်လတ်လတ်မီးရှို့သတ်မှု၊ ကြည့်မြင်တိုင် နတ်စဉ်လမ်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကားနဲ့တိုက် သေနတ်နဲ့ ပစ်သတ်မှုတို့အတွက် တနိုင်ငံလုံး ‘ဆိတ်ငြိမ်သပိတ်’ ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်။ ဒါဟာ သန်း ၅၀ ကျော် လူထုအနေနဲ့ စစ်အုပ်စုကို လက်မခံကြောင်း ပြယုဂ်တခုဖြစ်ခဲ့တယ်လို့ ကမ္ဘာ့မီဒီယာတွေက သုံးသပ်ကြတယ်။
စစ်အုပ်စုရဲ့ လူမဆန်မှုမှာ မုဒိမ်းမှု ကျူးလွန်ခြင်းတွေ များစွာကိုလည်း တွေ့ရတယ်။ ကျိုင်းတုံဒေသမှာ စစ်သားနဲ့ ပျူစောထီးတွေက အပျိုကြီးသုံးဦးကို ပစ္စည်းယူ၊ လူသတ်၊ မုဒိမ်းကျင့်ခဲ့တဲ့ ဖြစ်စဉ်တရပ်လည်း ဖြစ်ပေါ်ခဲ့တယ်။ နယ်စွန်နယ်ဖျားနဲ့ ကျေးလက်တို့သာမက မန္တလေးမြို့တော်မှာပါ စစ်တပ်ရဲ့ လူမဆန်မှုတွေကိုလည်း တွေ့ရတယ်။ ဒီဇင်ဘာ ၁၂ ရက်က မန္တလေး ချမ်းမြသာစည်မြိုနယ်၊ ခုတင် ၃၀၀ ဆံ့ ဆေးရုံကို အလုပ်ဆင်းဖို့လာတဲ့ ကိုယ်ဝန်သည်သူနာပြုနဲ့ သူ့အမျိုးသားတို့ကို ဆိုင်ကယ်ရပ်မပေးလို့ ပစ်သတ်ခဲ့တဲ့အမှုကလည်း ကမ္ဘာကျော်ခဲ့ပြန်တယ်။
“ဆားလင်းကြီးမြို့နယ်ထဲမှာ မြန်မာစစ်တပ်က ရွာသားတွေကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ကိစ္စ၊ ရန်ကုန်မှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ကားနဲ့တိုက်သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ကိစ္စတွေဟာ ဆိုးဝါးလှတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေဖြစ်တယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ကြေညာချက်ထုတ်ပြန်ခဲ့တယ်။
တဆက်တည်း ဒီဇင်ဘာ ၂၀ ရက် ဘီဘီစီအသံလွှင့်ဌာနက ဖော်ထုတ်လိုက်တဲ့ ဇူလိုင်လအတွင်းက ကနီမြို့နယ်က ‘ဇီးပင်တွင်းရွာ’ မှာ စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ အမှုတခု ဖြစ်ပွားခဲ့တယ်။ ဖြစ်ပွားစဉ်က သက်သေရှာမရခဲ့ပေမဲ့ ၂၀ ရက်နေ့ ဘီဘီစီသတင်းဌာနက မျက်မြင်သက်သေခံနဲ့တကွ ဖော်ထုတ်ပြီး ကမ္ဘာကို ချပြလိုက်နိုင်ခဲ့တယ်။ အသတ်ခံရသူစုစုပေါင်း ၄၀ ကျော်လို့ ဆိုပါတယ်။
ခရစ္စမတ်အကြိုနေ့ ဒီဇင်ဘာ ၂၄ ရက်က ကရင်နီပြည်နယ် ဖရူးဆိုးမှာ စစ်ဘေးရှောင်ပြည်သူ ၃၅ ယောက်ကို ဓာတ်ဆီလောင်း မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ‘ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး’ ဗဟိုကော်မတီက ထုတ်ပြန်ခဲ့တယ်။ ဒါဟာ စစ်အုပ်စုရဲ့ အကြီးဆုံး စစ်ရာဇဝတ်မှုတခု ဖြစ်လာခဲ့တယ်။
အဲ့ဒီ မီးရှို့အသတ်ခံရသူတွေထဲမှာ ပြည်သူကိုကယ်ဖို့ ညှိနှိုင်းဆွေးနွေးတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ယောက်ကိုလည်း ပစ်သတ်ခဲ့သလို စစ်ရှောင်လူထုကို ကယ်တင်ဖို့လုပ်တဲ့ Save The Children ဝန်ထမ်း ၂ ယောက်နဲ့ ကားပေါ်ပါလာတဲ့ ကလေးတွေကိုရော ကား ၇ စီးကိုပါ မီးရှို့သတ်ခဲ့တဲ့ သက်သေခံတွေလည်း ထွက်ပေါ်လာခဲ့တယ်။ ကမ္ဘာကြီးကတော့ ထိတ်လန့်သွားသတဲ့။
ဒါ့အပြင် ဒီဇင်ဘာ ၂၃ ရက်ကလည်း ကလေးမြို့နယ်နတ်ချောင်းရွာသား ၁၀ ကျော်ကိုလည်း သတ်ဖြတ်ပြီး ရွာလုံးကျွတ်မီးလောင်တိုက်သွင်းခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိနေပါတယ်။ ဒီလိုပဲ ရေဦးကလေးကားလမ်းပေါ်က ‘ရေမြက်ရွာ’ကိုလည်း စစ်အုပ်စုက လေယာဉ်နဲ့ပစ်ခတ်သတ်ဖြတ်ပြီး မီးရှို့ခဲ့တာမှာ သေလူတွေ များလွန်းလို့ လူစာရင်းတောင် အတိအကျကောက်ယူဖို့ အခက်ခဲရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းထဲက ‘ခေါင်းကွဲကျေးရွာသား’ တချို့ကိုလည်း မသေမရှင်နဲ့ မီးရှို့သတ်ခဲ့တာတွေလည်း ရှိခဲ့တယ်။ အခုဖော်ပြခဲ့တာတွေက လောလောလတ်လတ် စစ်အုပ်စုရဲ့ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့မှုတွေပဲ ဖြစ်တယ်။
၁၁ လအကြာ ဒီဇင်ဘာလအတွင်းမှာပဲ ပြည်သူအစုလိုက်အပြုံ လိုက်မီးရှို့သတ်ခဲ့တာ ၅ ကြိမ်အထိ ရှိနေတယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့ကြတယ်။ မြေပြင်မှာတော့ ဒီထက်ပိုမယ်လို့လည်း ဆိုကြပါတယ်။ အလောင်းဖျောက်၊ မီးရှို့တဲ့လုပ်ရပ်တွေကိုတော့ စစ်ဖြစ်ပွားရာနေရတိုင်းမှာ စစ်အုပ်စုဟာ ကျူးလွန်လေ့ရှိတယ်။ အာဏာလုစစ်အုပ်စုရဲ့ ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ကတော့ လူမိုက်စကားပြောပြီး ကမ္ဘာကို စိန်ခေါ်လိုက်တယ်။
“နိုင်ငံတကာလည်း မကြောက်ဘူး။ ကိုယ်ရွေးချယ်ထားတဲ့လမ်း ကိုယ်လျှောက်မယ်။ ဘယ်သူ လာတိုက်တိုက် ပြန်တိုက်မယ်။ ကျနော် သေရင် ပြည်သူတွေ သေမယ်။ ပြည်သူတွေ မသေစေချင်ရင် ကျနော်လာမတိုက်နဲ့။ ဒါပဲ” တဲ့။ လက်ရှိ စစ်ရေး တိုက်ခိုက်မှုမှာလည်း ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်။ လူထုတရပ်လုံး သူ့အဖွဲ့ကို မထောက်ခံမှန်းသိလို့ မထောက်ခံတဲ့ ပြည်သူမှန်သမျှကို ပစ်မှတ်ထားတဲ့ သတ်ဖြတ်တာပဲ ဖြစ်တယ်။ ဒီသဘောထားဟာ စစ်အုပ်စုတစုလုံးရဲ့ သဘောထားလား။ ဗိုလ်မင်းအောင်လှိုင်တယောက်တည်းရဲ့ သဘောထားလား ဆိုတာတော့မသိရဘူး။ တချို့သော ဝေဖန်သုံးသပ်သူတွေကတော့ ထွက်ပေါက်ပိတ်နေတဲ့ စစ်အုပ်စုရဲ့ အငြင်းပွားရာ ထွက်ပေါ်လာတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ သဘောထားသာ ဖြစ်မယ်လို့လည်း သုံးသပ်ကြပါတယ်။
တချိန်တည်းမှာပဲ မကြာမီရက်အတွင်းက နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်ရုံးကို ဆက်လက်ထားရှိခွင့်မပေးတော့ဘဲ ပိတ်လိုက်ပါတော့တယ်။ အဲ့အခြေနေအားလုံးကို ကြည့်ရင် တပ်တွင်းအခြေအနေအရ သဘောထားကွဲလွဲမှုတွေ ရှိနေနိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ ဒါဟာ ကုလသမဂ္ဂအပါအဝင် ကမ္ဘာကြီးကို တရုတ်၊ ရုရှားအားကိုနဲ့ သွေးတိုးစမ်း စိန်ခေါ်လိုက်ဟန်ရှိတယ်လို့လည်းဆိုကြပါတယ်။
စစ်ရေးအခြေအနေကြည့်ရင် တော်လှန်ရေးအင်အားစုတွေရဲ့ “စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း” ဆိုတဲ့ ကြွေးကြော်သံအတိုင်း ကလေး၊ မင်းကင်း၊ ကနီ၊ အရာတော်၊ ယင်းမာပင်၊ ရွှေဘို၊ တန့်ဆည်၊ ရေဦး၊ ကသာ၊ ထီးချိုင့်၊ ပင်လယ်ဘူး၊ မြိုင်၊ ဂန့်ဂေါ၊ ရေစကြို၊ မြင်းခြံ၊ ယော၊ ဆော၊ ပုလဲ အစရှိတဲ့ စစ်ဧရိယာတွေမှာတော့ စစ်အုပ်စုရဲ့ ပျူစောထီးနဲ့ စစ်သားတွေ အကျအဆုံးများနေတာကို တွေ့ရတယ်။ နေ့စဉ်နဲ့အမျှ ‘မိုင်း’ထိလို့ အတုံးအရုံး ကျဆုံးနေတယ်။
အဲဒီဒေသတွေမှာ PDF တွေဟာ စစ်ရေးအခင်းအကျင်းနယ်မြေကို စိုးမိုးစပြုလာသလို အုပ်ချုပ်ရေးနယ်မြေကိုလည်း စိုးမိုးစပြုနေတာကိုတွေ့ရတယ်။ စစ်အုပ်စုက မြေပြင်အနေအထားအရ သူတို့စိုးမိုးလို့မရတဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးနယ်မြေတွေက ပြည်သူတွေကို လေတပ်ကနေ ဗုံးကြဲပစ်သတ်မီးလောင်တိုက်သွင်းနေတာက သက်သေခံနေတယ်။ သူတို့လက်လွှတ်လိုက်ရတဲ့ နယ်တွေကို အငြိုးကြီးကြီးနဲ့ လက်စားချေနေတာလို့ သုံးသပ်ကြတယ်။
၁၁ လကြာချိန်မှာတော့ စစ်အုပ်စုရဲ့ထိုးစစ်ဆင်တာကို ရှမ်းမြောက်ကိုးကန့် မုံးကိုးဒေသနဲ့ ကရင်တပ်မဟာ ၆ လေးကေ့ကော်မှာ စတင်လာတာကိုတွေ့ရတယ်။ မုံးကိုး ကိုးကန့်ဒေသမှာ ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်ထိုးစစ်ဆင်ခဲ့ပေမဲ့ စစ်သားအကျအဆုံး များလွန်းတာကြောင့် ပြန်ဆုတ်ခဲ့ရတဲ့အနေအထားကို တွေ့ရတယ်။ KIA ကတော့ စစ်အုပ်စုရဲ့ တပ်ရင်းနှစ်ရင်းကို ဝင်ရောက်ပစ်ခတ်နယ်မြေရှင်းလင်းလုပ်ပြီး လက်နက်ခဲယမ်းရိက္ခာကို ကား ၂ စီး တိုက်သယ်ဆောင်လာခဲ့တယ်လို့သိရတယ်။
ဖဒိုစောတာနီကတော့ “ဒီနေ့အခါလောက် အခွင့်သာတဲ့အချိန်မျိုး ကျနော်တို့ ကရင်တွေမှာ တခါမှ မရှိခဲ့ဖူးဘူး။ အထူးသဖြင့် ဗမာလူမျိုးကိုယ်တိုင် ကျနော်တို့ KNU ကို နားလည်လာတယ်။ ဒါဟာသိပ်မှန်တဲ့ အခြင်းအရာ ဖြစ်တယ်။ ဒီအရာလောက်ကြီးမားတဲ့ အခြင်းအရာ ကျနော်တို့အတွက် တခါမှမရှိခဲ့ဘူး။ ဒီအချိန်မှာ ဗမာလူထုက ကျနော်တို့ဘက်က ရပ်တည်နေတဲ့အခါမှာ ဒီတော်လှန်ရေးက ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့။ ကရင်လူထုကြီးကိုတောင် လုံးဝအလံမလှဲနိုင်ဘူးဆိုတော့ ဒီစစ်ကောင်စီကို ကျနော်တို့ ဘာစိုးရိမ်စရာရှိတုန်း။ အဲဒါ ရှင်းရှင်းလင်းပြောချင်တာ။ လူထုတွေ လုံးဝမလျှော့ပါနဲ့။ အောင်ပွဲက ကျနော်တို့ မဝေးဘူး” တဲ့။
အာဏာလုယူပြီး ၁၁ လအကြာမှာတော့ စစ်အုပ်စုဟာ ပြည်သူလူထုအပေါ်မှာ အမှားတွေတခုပြီးတ ခု ကျူးလွန်လာခဲ့တာ ကိုတွေ့ရတယ်။ စစ်ရေးအရလည်း အရှုံးကြီးရှုံးနိမ့်နေသလို သံတမန်ရေးအရလည်း ရှုံးနိမ့်လာခဲ့တယ်။ သွေးရူးသွေးတန်း ပြောချင်ရာပြော လုပ်ချင်ရာ လုပ်လာတယ်။ အစွမ်းကုန်ရမ်းကားတဲ့ လက္ခဏာရပ်တွေကိုလည်း တွေ့နေရတယ်။ ဒီလိုအခြေနေမှာပဲ အမေရိကန်နိုင်ငံရဲ့ NDAA ဥပဒေကို သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ထိုးလိုက်တဲ့အတွက် NUG အသိအမှတ်ပြုရေးဟာ နီးကပ်လာပြီလို့ ပြောသံတွေလည်း လွှမ်းမိုးလာခဲ့တယ်။
ဒါကြောင့် ၁၁ လအကြာ မြန်မာလူထုရဲ့ ခုခံတွန်းလှန်ရေး အခြေအနေကိုကြည့်ရင် တဟုန်ထိုး တိုးတက်အောင်မြင်လာတာကို တွေ့မြင်နိုင်တယ်။ ၁၁ လကြာပြီးနောက် ခရစ်သက္ကရာဇ်အရ နှစ်သစ်တခုကို ကူးပြောင်းပြီမို့ နှစ်သစ်ကို ကြိုရင်း အကြမ်းဖက်စစ်တပ်ကို အမြစ်ကပါတူးပြီး ဖြိုချနိုင်ဖို့အတွက်လည်း လူထုအနေနဲ့ အစွမ်းကုန်တောင့်ခံကြဖို့ လိုပါတယ်။ အဲ့ဒီအတွက် ဆရာ ဦးဝင်းတင်သတိပေးခဲ့သလိုပဲ “စိတ်ဓာတ်မကျိုးပဲ့စေနဲ့။ စုဖွဲ့မှု မကျိုးပျက်စေနဲ့။” တခုတည်းသောညီညွတ်မှုနဲ့ ပေါင်းစုတိုက်ခိုက်နိုင်ရင် အောင်ပွဲက လက်တကမ်းမှာလို့ ဆိုလိုက်ပါရစေ။
ဂန္ထဝင်မောင်ထူး