နှစ်မကုန်ခင် လာမယ့်ရက်တွေမှာ ကျယ်ပြန့်နက်ရှိုင်းလာနေတဲ့ ကြေကွဲစရာလည်းဖြစ်၊ ခရီးဆက်နေဆဲလည်းဖြစ်တဲ့ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်ပြီး အကဲဖြတ်သုံးသပ်ချက်တွေ ရေးလိုပါတယ်။ ဖွဲ့နွဲ့တင်စားတာတွေကိုရှောင်ရှားပြီး ပကတိအခြေအနေမှန်တွေကို ကြည့်ဖို့ကြိုးစားပါမယ်။
အပိုင်း (၁)
၁။ ဘာသာစကားပြောင်းလဲဖို့လိုပြီ။ စစ်ဖြစ်နေတာလို့ တည့်တည့်ပြောကြရမယ်။
ဘာသာစကား (ဝေါဟာရအသုံးအစွဲ) ပြောင်းလဲဖို့လိုပြီ။ အာဏာသိမ်းပွဲလို့ မပြောသင့်တော့ဘူး။ မအောင်မြင်တဲ့အာဏာသိမ်းပွဲလို့တောင် မရည်ညွှန်းပါနဲ့တော့။ မြန်မာပြည်မှာ ဖြစ်နေတာကို သရုပ်ဖေါ်ဖို့ဆိုရင် စစ်ပွဲဆိုတဲ့စကားကို ပြောဖို့လိုပါပြီ။ မြန်မာပြည်မှာကြုံနေရတာက စစ်တပ်ရဲ့ အကြမ်းဖက်စစ်၊ ကျူးကျော်စစ်၊ ပြည်သူ့ဘဝတွေနစ်နာပြုန်းတီးကြွေလွင့်အောင် လုပ်နေတဲ့စစ်၊ စစ်တပ်ရဲ့ နိုင်ငံကိုဆန့်ကျင်ကျူးလွန်နေတဲ့ စစ်ပွဲပါ။
“စစ်အာဏာရှင်က ထိန်းချုပ်ထားနိုင်ပြီ”တို့ ၊ “ စကစ အောင်ပွဲခံမှာ မလွှဲမရှောင်သာ” တို့ဆိုတဲ့ လုံးဝလွဲချော်တဲ့ဇာတ်ကြောင်းမှားတွေရှိပါတယ်။ အဲဒီဇာတ်ကြောင်းမှားတွေကို ဖယ်ရှားဖို့ ဘာသာစကားဟာ အရေးကြီးပါတယ်။ အာဏာသိမ်းပွဲအကြောင်းပဲ ပြောနေမယ်ဆိုရင် ဆက်စပ်နေတဲ့ “တိုင်းပြည်တည်ငြိမ်အောင်လုပ်ဖို့ စကစမှာအချိန်လိုပါတယ်” ဆိုတာမျိုး ကြောင်းကျိုးဆီလျော်တယ်ထင်ရတဲ့ ကောက်ချက်အမှားဆီ ရောက်သွားပါလိမ့်မယ်။ သုံးစွဲတဲ့ ဘာသာစကားက ဖြစ်နေတာတွေကို အပြည့်အဝ မခြုံငုံမိရင် တွေးပုံလွဲမှာပဲ။ တွေးပုံလွဲရင် လူထုလှုပ်ရှားမှုဘက်မှာ နည်းနာနဲ့ ဗျူဟာ မှားပါလိမ့်မယ်။
စစ်အာဏာရှင်တွေဟာ လွန်ခဲ့တဲ့ ၂ လမှာ လူထုအပေါ် တိုက်ခိုက်မှုကို သိသိသာသာ အရှိန်မြှင့်လာပါတယ်။ ခြောက်သွေ့ရာသီမှာ လူထုခုခံမှု ပြိုကွဲဖို့ ရည်ရွယ်ချက်နဲ့ အရှိန်မြှင့်တာပါ။ အရေးကြီးတဲ့ ဒီလတ်တလောအခြေအနေမှန်ကို နိုင်ငံတကာနဲ့ သံတမန်အသိုင်းအဝိုင်းက ငြင်းပယ်နေကြတာများပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံ၊ UN နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ဘာတခုမှ မလုပ်ပဲ စစ်အာဏာရှင် အောင်မြင်ဖို့ အချိန်ပေးထားသလို လုပ်နေပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ မရိုးသားမှုရော၊ မူဝါဒအဆုံးအဖြတ် လွဲမှားတာရော နှစ်ခုလုံးကို တွေ့ရပါတယ်။
၂။ စစ်အာဏာရှင်တွေ မနိုင်နေဘူး။ မကြာခင်မှာ အနိုင်ရဖို့လည်း မရှိဘူး။ ဒါပေမဲ့ သူတို့ ရှုံးလည်း မနေဘူး။
မြန်မာပြည်သူတွေရဲ့ ခုခံမှုဟာ ပြည်သူအားလုံးပါတယ်။ သိပ်ကိုရဲရင့် အားကောင်းလှတယ်။ သိပ်ထူးကဲတဲ့ စွန့်လွှတ်ရန် အသင့်ဆိုတဲ့စိတ်ရှိတယ်။ တီထွင်ဆန်းသစ်မှု အမျိုးမျိုး လုပ်နိုင်ကြတယ်။ အဲဒီလိုပြည်သူတွေကို စစ်အာဏာရှင်တွေ ဘယ်နိုင်ပါ့မလဲ။ သို့ပေမဲ့ စစ်အာဏာရှင်တွေ သိပ်မကြာခင် ရှုံးမှာတော့လည်း မဟုတ်သေးဘူး။
အကြောင်းက စစ်အာဏာရှင်နဲ့ စစ်တပ်ဟာ ခံကတုတ်ထဲမှာ ခြေကုတ်အသေယူ ဗျူဟာနဲ့ သွားနေလို့ပဲ။ ခံတပ်ထဲက စစ်တပ်ဟာ ပြည်သူတွေ ပြုန်းတီးဆုံးရှုံး လက်ပန်းကျရေး စစ်ကို ဆင်နွှဲနေကြတယ်။ လက်ရှိမှာ စကစ ဟာတိုင်းပြည်ကို အုပ်ချုပ်ချင်တာ မဟုတ်တော့ဘူး။ အုပ်ချုပ်ဖို့လည်း မလို (အုပ်ချုပ်လို့လည်း မရ) တော့ဘူး။ သူတို့ဗျူဟာက ခံတပ်ထဲမှာအထိုင်ချ၊ စီးနင်းတာတွေထွက်လုပ်ပြီး ပြည်သူဘက်မှာ လူနဲ့ ရင်းမြစ်တွေ အဆက်မပြတ်ဆုံးရှုံးနေစေဖို့ပဲ။ အားလုံးထက်ပိုကြာကြာတောင့်ခံနိုင်ရင် အောင်မြင်မှာပဲ ဆိုတာက စစ်တပ်ရဲ့အောင်နိုင်ရေးဗျူဟာ ပင်မကျောရိုးဖြစ်ပါတယ်။
ကျယ်ပြန့်စုံလင်လှတဲ့ ပြည်သူ့လှုပ်ရှားမှုဟာ တန်ခိုးရှင်ဖန်တီးပေးသလိုမျိုးလို့ တင်စားလို့ ရတဲ့ အင်အားနဲ့ ခံနိုင်ရည်ကို ဆွဲထုတ် ရပ်တည်နိုင်ခဲ့ပါတယ်။ အတော်စောစောကတည်းက ဖိနှိပ် ဖျက်စီးခံရလို့ ပိပြားပြိုကွဲသွားစရာ ရှိပေမဲ့အဲ့ဒီလိုမဖြစ်ခဲ့ပါဘူး။ သို့သော်လည်း ခုချိန်ထိမှာတော့ ပြည်သူ့လှုပ်ရှားမှုလုပ်ရပ်တွေဟာ စစ်တပ်ရဲ့ ခံတပ်ကို မထိုးဖေါက်နိုင်သေးဘူးဆိုတာလည်း နားလည်ဖို့ လိုပါမယ်။
စိတ်မသက်မသာ ဖြစ်ရတဲ့ ဒီအခြေအနေကို တည့်တည့်ရင်ဆိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ရှေ့လာမယ့် တိုက်ပွဲတွေမှာ ဘာကိုဦးစားပေးမယ်လို့ သေသေချာချာ စဉ်းစားနိုင်မှာဖြစ်ပါတယ်။ အစွန်အဖျားကင်းစခန်းတွေကို တိုက်တာမျိုးတွေနဲ့ ရှားပါးတဲ့ ရင်းမြစ်တွေ ကုန်ခန်းတာ၊ ကံမကောင်းရင်ဆုံးရှုံးတာမျိုးတွေ အဖြစ်ခံမလားဆိုတာစဉ်းစားကြရပါမယ်။ ဒီတပွဲနိုင်လိုက်တယ်ဆိုရင်တောင် စစ်အာဏာရှင်ရဲ ခံတပ်ကို များများစားစား ထိပါးနိုင်တာဟုတ်ရဲ့လားလို့ စဉ်းစားဖို့ရှိပါတယ်။
အမြဲစဉ်းစားနေဖို့လိုတဲ့ အရေးကြီးမေးခွန်းက စစ်တပ်နဲ့ အာဏာရှင်ကို အထိနာစေမှာ ဘယ်နေရာတွေဖြစ်မလဲ၊ ဘယ်လိုတိုက်မလဲ ဆိုတာပဲဖြစ်ပါတယ်။ စိတ်ကူးယဉ်တာမဟုတ်တဲ့ တကယ်လည်း လက်ရောက်နိုင်၊ လုပ်နိုင်တဲ့“အလှည့်အပြောင်းဖြစ်စေမဲ့”အနိုင်ဂိုးတွေ ဘယ်လိုသွင်းမလဲလို့ အကြိမ်ကြိမ် အထပ်ထပ်ကို အလေးအနက်စဉ်းစားနေဖို့လိုပါမယ်။ စစ်တပ်နဲ့ ပြည်သူရဲ့ အာဏာဟန်ချက်မှာ လူထုတော်လှန်ရေးဘက်ကို ချိန်ခွင်လျာ စောင်းလာစေမဲ့ အနိုင်ဂိုးတွေကို ဒီနေရာမှာ ရည်ညွှန်းပါတယ်။
၃။ စစ်ပွဲထဲရောက်နေပြီဆိုရင် ( ရောက်လည်းနေပြီ) လက်နက်က အရေးကြီးတယ်။
မြန်မာပြည်သူတွေကြုံနေရတဲ့ စစ်ပွဲက လက်နက်အပြည့်နဲ့ စစ်တပ်ကနေ အများစုကြီးမှာ ဘာလက်နက်မှ မရှိတဲ့ပြည်သူကို စနစ်တကျ သတ်ဖြတ်နေတဲ့ အခြေအနေပါ။ ဒါ့ကြောင့် မြန်မာပြည်သူတွေမှာ လက်နက်နဲ့ စစ်နည်းဗျူဟာအထောက်အကူ ရပိုင်ခွင့်ရှိတယ်ဆိုတာကို မူဝါဒသမားတွေ တွန့်ဆုတ်မနေပဲ ပြောသင့်ပါပြီ။
လေယာဉ်တွေ သံချပ်ကာကားတွေကို ပစ်ချဖို့ ဒုံး(RPG) တွေ ဘယ်လိုရမလဲဆိုတာမျိုး တယောက်ယောက်ကတော့ ထုတ်ပြောဖို့ လိုနေပါပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာစစ်တပ်ကို လက်နက်ပိတ်ဆို့ဖို့ မလုပ်နိုင်ဘူး။ ဒါ့ကြောင့် ရုရှားနဲ့ တခြားနိုင်ငံတွေဆီကနေ စစ်တပ်ဟာ မပြတ်တမ်း လက်နက်ဖြည့်နေမှာပဲ။ ကုလသမဂ္ဂက ကြားဝင်ထိန်းတာတို့၊ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်တာတို့၊ R2P တို့ဟာ ဖြစ်နိုင်ချေမရှိတဲ့ စိတ်ကူးယဉ်တွေလို့ သိကြတယ်။ ဒါဆိုရင် အနည်းဆုံးတော့ ရဟတ်ယာဉ်ကနေပစ်တာကို ကာကွယ်နိုင်တဲ့ လက်နက်လောက် ရှိနိုင်ရေးဟာပြည်သူ့အခွင့်အရေးပဲလေလို့ ထုတ်ပြောကြဖို့ တကယ်လိုအပ်နေပါတယ်။
ပေါ့ပါးပြီး သယ်ရလွယ်တဲ့ လက်နက်တွေရမယ်။ ရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေ အန္တရာယ်များအောင်ဘယ်လိုလုပ်ရမယ်၊ စစ်တပ်ရဲ့ ထောက်ပို့ကားတွေ အန္တရာယ်အလွန်များအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့တိုးတိုးတိတ်တိတ် နည်းစနစ်အကြံဥာဏ်တွေရမယ်ဆိုရင် ဒါဟာ စစ်ပွဲကျယ်ပြန့်အောင်လုပ်တာ မဟုတ်ပါဘူး။ သူနဲ့ဆန့်ကျင်ဘက် စစ်ပွဲမြန်မြန်ပြီး မြန်မြန်ဆွေးနွေးညှိနှိုင်းကြအောင် လုပ်တာပဲဖြစ်ပါလိမ့်မယ်။ စစ်တပ်ဟာနယ်မြေသိမ်း ( နယ်ချဲ့) စစ်တပ်လို ကျူးကျော်စစ်ကို ဆင်နွှဲနေတာပါ။ မနိုင်လောက်ဘူးဆိုသိမှ၊ တဘက်သတ်လက်နက်အင်အား အသာမရတော့ဘူးဆိုတာသိမှ ဆွေးနွေးတဲ့ဆီ လာမှာပါ။
စစ်တပ်ရဲ့ ကုန်းလမ်း ရေလမ်း ဆက်သွယ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းတွေဖြတ်တာဟာ အရေးကြီးတဲ့ အသာစီးရမှုတွေထဲက တခုဖြစ်နိုင်ပါတယ်။ အဲဒါဆိုရင် အစွန်အဖျားတပ်တွေ အကာအကွယ်မဲ့သွားမယ်။ လက်နက် ရိက္ခာဖြည့်မရဖြစ်မယ်။ အခုထက်ကိုပိုပြီး မလုံမခြုံဖြစ်ပါလိမ့်မယ်။
အသံတိတ်သပိတ်လို အစုအဖွဲ့လိုက် လှုပ်ရှားမှုတွေ၊ လျှပ်တပြက်ဆန္ဒပြပွဲလိုမျိုးတွေဟာ အရေးကြီးတဲ့ ပြည်သူ့ခုခံဆန့်ကျင်မှုအဖြစ် အများကြီးဆက်လိုနေပါမယ်။ လူထုတိုက်ပွဲရဲ့ အရေးကြီးတဲ့ ထောက်တိုင်လည်း ဖြစ်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုအရေအတွက်မှာရော သတ္တိနဲ့ တီထွင်ဖန်တီးမှု အရာမှာပါ ကမ္ဘာ့နေရာအရပ်ရပ်က ဘယ်အကြမ်းမဖက်လူထုလှုပ်ရှားမှုထက်မဆို သာလွန်တယ်လို့ ပြောနိုင်ပါတယ်။
ဒါပေမဲ့ လက်ရှိစစ်ပွဲအခြေအနေမှာ လူထုလှုပ်ရှားမှုရဲ့ သက်ရောက်အားကို ပိုတွက်တဲ့ အမှားမျိုး ရှောင်ကြဉ်ရပါမယ်။ စစ်အာဏာရှင်မှာ တရားဝင်မှု နိတ္ထိ၊ ပြည်သူဟာ လူများစုကြီးဆိုတာ နိုင်ငံတကာကိုရော ကိုယ့်ပြည်သူအချင်းချင်းပါပြဖို့ အင်မတန် ခန့်ငြားတဲ့ ပြည်သူ့လှုပ်ရှားမှုတွေဆက်လိုပါတယ်။
သို့သော်လည်း အသံတိတ်သပိတ်လို ခမ်းနားလှတဲ့ လှုပ်ရှားမှုတောင်မှ အကြောင်း ၃ ခုကြောင့် စစ်တပ်ရဲ့ ခံတပ်ကိုမကိုင်လှုပ်နိုင်တာတွေ့ရပါတယ်။ တခုက စစ်တပ်နဲ့ စစ်အာဏာရှင်ဟာ ပြည်သူကို ဂရုလည်းမစိုက်ဘူး၊ ( ပြည်သူ့ထောက်ခံမှုလည်း)မလိုပါဘူး။ နောက်တခုက စစ်တပ်ဟာ ပြည်သူတွေ ပြုန်းတီးနိမ့်ပါးလက်ပန်းကျသွားရေး စစ်ပွဲကို ဆင်နွှဲနေတာကြောင့်ပါ။ နောက်တခုက အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေဟာ မြန်မာပြည် အကျပ်အတည်းရဲ့ဆိုးကျိုးကနေ ကိုယ့်နိုင်ငံကို ကာကွယ်ချင်လို့ ဝင်ပါနေကြတာ၊ မြန်မာပြည်ကို ကယ်တင်ဖို့ ပါဝင်နေကြတာမဟုတ်ဘူး။
အပိုင်း (၂)
စစ်ကောင်စီရှုံးအောင် လုပ်ရမယ့် အလုပ်တွေ။
မြန်မာပြည် ဘယ်အခြေအနေ ရောက်နေလဲ ဘယ်ဆက်သွားကြမလဲဆိုတာကို အပိုင်း ၂ အနေနဲ့ဆက်ရေးပါမယ်။ ပထမပိုင်းမှာ မြန်မာပြည်နဲ့ ပတ်သက်ပြီးပြောကြရင် အာဏာသိမ်းပွဲတို့၊ အာဏာသိမ်းမှုအလွန်တို့ ဆိုတဲ့ ဘာသာစကားတွေ မသုံးကြပါနဲ့တော့။ ကြုံနေရတာက စစ်တပ်ရဲ့ ပြည်သူတွေအပေါ် ကျူးကျော်ရန်ပြုတဲ့ စစ်ပွဲပါလို့ပြောခဲ့တယ်။ အဲဒီစစ်ပွဲမှာ စစ်အာဏာရှင်တွေနိုင်မနေဘူး။ မကြာခင်ကာလတခုမှာ နိုင်စရာလမ်းလဲမရှိဘူး။ ဒါပေမဲ့ သူတို့ရှုံးလည်းမနေဘူးလို့ပြောခဲ့တယ်။ စစ်အာဏာရှင်ဟာ “ ခံတပ်ဗျူဟာ” ကိုသုံးပြီး ပြည်သူတွေ ပျက်ပြုန်းပြိုလဲလက်ပန်းကျစေမယ့် စစ်ကိုဆင်နွှဲနေတယ်။အသက်သွေးချွေး ဘယ်လောက်ပဲရင်းရ ရင်းရ အားလုံးထက်ပိုကြာကြာခံနိုင်ရင် နိုင်မှာပဲလို့ မျှော်လင့်နေပါတယ်။ဒီနေရာမှာတော့ မြန်မာစစ်အာဏာရှင်တွေဟာ ဆီးရီးယားက အာဆတ်နဲ့ အတော်တူပါတယ်။ အာဏာမြဲဖို့ဆိုရင် စီးပွါးရေးလည်း ဘုန်းဘုန်းလဲပါစေ။ အချုပ်အခြာလည်း ဆုံးရှုံးပါစေ။ တိုင်းပြည် အပျက်ခံဖို့လည်း အဆင်သင့်ပါဆိုတဲ့လူစားမျိုးတွေပါ။
၂၀၂၁ အခြေအနေတွေနဲ့ ၂၀၂၂ ကို မျှော်ကြည့်တဲ့ ဆောင်းပါးအပိုင်း (၁)မှာ အရေးကြီးတဲ့မဟာဗျူဟာ မေးခွန်းတခုကို အဓိကထားပြောခဲ့ပါတယ်။ အဲဒါကတော့ ချိန်ခွင်လျှာ ကိုယ့်ဘက်သာစေမယ့်၊ အခြေအနေပြောင်းစေမယ့် ( game- changers) အလုပ်တွေက ဘာတွေဖြစ်မလဲ။ ဘယ်လိုအနေအထားမျိုးတွေက လူထုတိုက်ပွဲဘက်ကို ပိုအားသာစေပြီး စစ်အာဏာရှင်ဘက်ကို ယုတ်လျော့ စေမလဲ။ ဒီမေးခွန်းအတွက် တွေးမိတာတချို့ကို ဖေါ်ပြလိုက်ပါတယ်။ ဒီမှာလည်း အခြေအနေမှန်ကို သူ့အတိုင်းပဲကြည့်ပါတယ်။ ဖွဲ့နွဲ့တင်ပြတာမျိုးနဲ့ စိတ်ကူးယဉ်အတွေးမျိုးတွေကိုရှောင်ရှားပါတယ်။
၄။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ဝင်ငွေကို ဖြတ်နိုင်ဖို့လိုတယ်။
အရင်တပတ်ပြောခဲ့သလို တဘက်သတ်အသားစီးရထားတဲ့ စစ်အင်အားအပြင် စစ်အာဏာရှင်တွေအနေနဲ့ လက်မလွှတ်တမ်း ထိန်းထားနိုင်ဖို့လိုတဲ့ အဓိကကျတဲ့ ဝင်ငွေလမ်းတချို့ရှိပါတယ်။ အဲဒီအထဲမှာမှ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဝင်ငွေက အဓိကပါ။ ဒါကိုသာ ရအောင်ဖြတ်တောက်နိုင်ရင် ကိုယ့်ဘက်ကို အလေးသာစေမဲ့ အနိုင်ဂိုးလို့ ပြောလို့ရပါတယ်။
မလွယ်ကူပေမဲ့ ဖြစ်နိုင်တဲ့ကိစ္စပါ။ စူးစူးစိုက်စိုက်နဲ့ သေချာပစ်မှတ်ထားလုပ်တဲ့ လှုပ်ရှားမှုလိုပါတယ်။ နိုင်ငံတကာက တွန်းအားပေးအဖွဲ့တွေ၊ ပြည်ပရောက်မြန်မာတွေ၊ NUG နဲ့ကွန်ယက်တွေရဲ့ ပြည်တွင်းစုဖွဲ့ လှုပ်ရှားမှုတွေလိုပါတယ်။ လှုပ်ရှားမှုဟာ အရပ်ဆယ်မျက်နှာကို ပြန့်ကျဲနေတာမျိုး မဖြစ်သင့်ပါဘူး။ တကြိမ်မှာ ပစ်မှတ်တခု ရည်မှန်းချက်တခုချင်းစီနဲ့ မတူတဲ့ပစ်မှတ်တွေကို အချိန်နဲ့အမျှ ဦးတည်ဖို့လိုပါမယ်။
၅။ စစ်ကောင်စီဘက်က မဖြစ်ချင်တဲ့အရာ၊ ရှောင်ရှားချင်တဲ့ အခြေအနေတွေ။
လတ်တလောမှာ စစ်အာဏာရှင်တွေဟာ စီမံအုပ်ချုပ်ရေး လုပ်ချင်မနေဘူး။ သူတို့ဟာ စစ်တိုက်ပြီး စိုးမိုးဖို့ လုပ်တဲ့စပါတန်စစ်သည်အုပ်ချုပ်ရေးလူတန်းစားလိုပဲ။ စစ်တိုက်ပေးမယ့်တပ်နဲ့ ဝင်ငွေလမ်းကြီးကြီး အနည်းအပါးရှိရင်ရပြီ။ ပြည်သူတွေ ပြုန်းတီးကုန်ခန်း အားလျော့သွားအောင် လုပ်နေရတဲ့ လက်ရှိစစ်ပွဲမှာ စစ်တပ်နဲ့ ဝင်ငွေ ဒီနှစ်ခုကိုပဲ သူတို့လိုတာ။ ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေး ပြိုပျက်တာကို သူတို့ဂရုမစိုက်ဘူး။
ကိုဗစ်ကာကွယ်ဆေးပေးပါ့မယ်၊ လူသားချင်းစာနာတဲ့ အကူအညီပေးပါ့မယ်၊ စီးပွါးရေး ထူထောင်ပေးပါ့မယ်ဆိုတာမျိုးတွေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်အောင်၊ ညှိနှိုင်းလာအောင် မက်လုံးပေးတာမျိုးတွေဟာ လုံးလုံးလမ်းလွဲတဲ့ အကဲဖြတ်ချက်တွေပဲ။ ပိုဆိုးတာက စစ်အာဏာရှင်အောင်မြင်ဖို့ မရိုးမသား ပံ့ပိုးတာတွေကို အဲဒီအကူအညီတွေဘန်းပြပြီး လိမ်ညာလှည့်စားဖို့ကြိုးစားကြတာပဲ။
တဘက်မှာတော့ စစ်အာဏာရှင်တွေဟာ လွတ်မြောက်နယ်မြေတွေ ဖြစ်တည်ကျယ်ပြန့်လာမယ့် အရေးကို အတော်ထိတ်လန့်ပါတယ်။ လူထုရဲ့ခုခံဆန့်ကျင်မှုက လွတ်မြောက်နယ်မြေတွေကို အခြေပြုလာမှာ၊ အဲဒီနေရာတွေမှာအုပ်ချုပ်ရေးတည်ဆောက်လာမှာ၊ လက်နက်ရိက္ခာထုတ်လုပ်လာမှာကို ကြောက်ပါတယ်။ စစ်အာဏာရှင်တွေနယ်မြေဆုံးရှုံးလာတာ၊ လွတ်မြောက်နယ်မြေပိုကျယ်ပြန့်လာတာဟာ ဖြစ်နိုင်ချေရှိတဲ့ ချိန်ခွင်လျှာ အပြောင်းအလဲတွေထဲက တခုဖြစ်ပါတယ်။ အခုလို တဘက်သတ်စစ်အင်အား အခြေအနေမှာ နယ်မြေရဖို့၊ ရပြီးရင်တောင် ထိန်းထားဖို့ အလွန်ခက်တာလည်း မှန်ပါတယ်။
၆။ ဘက်ပေါင်းစုံကို ဆွဲဆန့်နေရတာကြောင့် ပြိုကျမယ့် အနေအထားထိ စစ်တပ်ရောက်လာဖို့ လိုမယ်။
စစ်တပ်အနေနဲ့ မဖြစ်ချင်တာက ရှေ့တန်းစစ်မျက်နှာတွေ အများကြီးဖွင့်ပြီး ရှိသမျှအင်အားကို ဆန့်ထုတ်ရမယ့် အခြေအနေမျိုးပါ။ အဲဒီလိုဖြစ်လာရင်တော့ တကယ့်ကို အပြောင်းအလဲ အခြေအနေပါ။
ဒါ့ကြောင့်လဲ စစ်တပ်ရဲ့ အရေးကြီးဆုံးအလုပ်က အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေအားလုံး စုစည်းညီညွတ်မသွားနိုင်အောင် တာဆီးဖို့ နှောင့်ယှက်ဖို့ ဖြိုဖျက်ဖို့ပါ။ စစ်တပ်က အခုဆင်နွှဲနေတဲ့ အကြမ်းဖက်စစ်ပွဲ အောင်မြင်နိုင်ဖို့ တခုတည်းသောလမ်းပဲ ရှိပါတယ်။ အဲဒါက အာဏာရှင်ဆန့်ကျင်ခုခံရေး အင်အားစုတွေ စုစည်းညီညွတ်သွားတာမျိုးမဖြစ်အောင် တားဆီးထားနိုင်ဖို့ပါ။
ဒါကြောင့်ပဲ မကြာခင်က ပေါ်ပေါ်ထင်ထင်ဖြစ်လာတဲ့ “ညှိနှိုင်းဆွေးနွေးရေး ပွဲစား” တွေဟာ စေတနာ မှန်စေဦးတော့ လူထုလှုပ်ရှားမှုကို အကျိုးမပေးပါဘူး။ စကားပြောကြဖို့ ( ညှိနှိုင်းကြဖို့)ဖြစ်နိုင်ခြေရှိပါတယ်ဆိုတဲ့ စိတ်ကူးယဉ်အမြင်မှားဟာ စစ်အာဏာရှင်တွေအပေါ် ဖိအားလျော့စေတဲ့ တလွဲဇာတ်ကြောင်း ( false narrative) ကိုပဲဖန်တီးပါတယ်။
ညှိနှိုင်းကြ စကားပြောကြဖို့ဟာ ရှောင်လွှဲလို့လဲမရ၊ လိုလည်းလိုအပ်ပါလိမ့်မယ်။ လူထုရဲ့ ခုခံရေးလှုပ်ရှားမှုဟာ စစ်တပ်လက်နက်ချတဲ့ အထိတော့ မရောက်နိုင်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေလည်းရှိ လိုလည်းလိုအပ်တာက မင်းအောင်လှိုင်နဲ့ သူ့ရဲ့အာဏာရှင်တသိုက် အရေးနိမ့် အရှုံးပေးတဲ့ အနေအထားထိ ရောက်ဖို့ပါ။ ဒီအချိန်မျိုးမှာ ညှိနှိုင်းဖို့ ဖြစ်နိုင်ပါတယ်လို့ ပြောနေကြတာက မအလရဲ့ လူထုလက်ပန်းကျ အညံ့ခံရေးစစ်ပွဲအချိန်ပိုရအောင် လုပ်ပေးသလိုဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ လတွေမှာ ညှိနှိုင်းဖို့ အဆိုပြုတဲ့ “တတိယလမ်း” သမားတွေ လှုပ်လှုပ်ရှားရှား တွန်းတွန်းတိုက်တိုက်ပြောနေကြတာကို တွေ့ပါတယ်။ အထူးသဖြင့် နိုင်ငံတကာစင်မြင့်မှာ စကစ အရှုံးပေါ်ပြီးနောက်မှာပါ။ သူတို့လုပ်နေတာတွေ အန္တရာယ်ကြီးတယ်လို့မြင်ပါတယ်။ သူတို့ဟာ NUG/NUCC လုပ်ငန်းစဉ်ကနေပြီး လူမျိုးစု အင်အားစုတွေကိုဆွဲထုတ်နေကြတာပါ။ ခုခံရေးအင်အားစုရဲ့ မဟာမိတ်တည်ဆောက်ရေး အရှိန်အဟုန်ပျက်အောင် လုပ်နေတာပါ။ မဟာမိတ် တည်ဆောက်ရေးဟာ သူ့အတိုင်းမှာကို ခက်ခဲနက်ရှိုင်းလှပါတယ်။ ဒါကြောင့် မဟာမိတ် မဖွဲ့နိုင်အောင်လုပ်တာတွေကို ခိုင်ခိုင်မာမာ တုံ့ပြန်ဖို့လိုပါမယ်။
၇။ နိုင်ငံတကာစင်မြင့်မှာ အရေးကြီးတဲ့ အောင်မြင်မှုတွေရခဲ့ပေမယ့် လုံလောက်တဲ့ အနေအထား မဟုတ်သေးပါ။
လွန်ခဲ့တဲ့ ၃ လတာကာလကို ကြည့်ရင် နိုင်ငံတကာပွဲတွေမှာ စကစ အနေနဲ့ သိသိသာသာ အရှုံးပေါ်ခဲ့ပါတယ်။ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းဆက်ရှိနေတယ်။ အရေးကြီးတဲ့ အာဆီယံပွဲ ၃ ခုလောက်ကို ဖိတ်ကြားမခံခဲ့ရဘူး။ သူ့ရဲ့တရားဝင်မှုကို စစ်တပ်ထိပ်ပိုင်းထဲအထိ ကိုင်လှုပ်ခဲ့တာကြောင့် ဒါဟာ မအလကို အတော်အခက်တွေ့စေခဲ့ပါတယ်။
သို့သော်လည်း နိုင်ငံတကာမှာ စကစ အရှုံးပေါ်တာဟာ NUG တရားဝင် အသိအမှတ်ပြုခံရတယ်ဆိုတဲ့ အမြတ်နဲ့ တွဲလာတာမဟုတ်ရင် အပြောင်းအလဲ မဟုတ်သေးပါဘူး။ တရားဝင် အသိအမှတ်ပြုခံရရေးဆိုတဲ့ ပြိုင်ပွဲမှာ ကိုယ့်ဘက်က လိုအပ်တဲ့ အနေအထားထိ ရှေ့ရောက်မနေပါဘူး။
ပြဿနာက အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေဟာ စစ်တပ်ကို အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုတွေမလုပ်အောင်သွန်သင်တည့်မတ်လို့ ရမယ်၊ စစ်တပ်ကဦးဆောင်တဲ့ “ လမ်းပြမြေပုံ အမှတ် ၂” လိုမျိုးနဲ့ အောင်မြင်နိုင်မယ် ဆိုတဲ့ဘက်ကနေ အလောင်းအစားလုပ်နေကြတာပါ။ ရန်ကုန်အခြေစိုက် သံတမန်တွေကြားမှာ ရေပန်းစားတဲ့ အယူအဆက “ စစ်တပ်က ဒီတိုင်းပြည်မှာ အကြီးဆုံး အားအကောင်းဆုံးအဖွဲ့ပဲ။ စစ်တပ်မပါပဲ မြန်မာပြည် အနာဂတ်ကို ပြောလို့ဘယ်ရမလဲ။ စစ်တပ်ဟာ အဖြေရဲ့ အစိတ်အပိုင်းဖြစ်ရမှာပေါ့” ဆိုတာပါ။ ဒီစကားကို စစ်တပ်ရဲ့ ဝါဒဖြန့်သမားတွေဆီကသာမက ရန်ကုန်က အနောက်တိုင်းသံတမန်တွေ၊ INGO သမားတွေဆီကပါ ကြားရပါတယ်။
“စစ်တပ်ကို ရှောင်လွဲမရ” ဆိုတဲ့ ဒီအယူအဆရဲ့ ပြဿနာက စစ်အာဏာရှင်နဲ့ စစ်တပ်ကို တန်းတူသတ်မှတ်တဲ့ ကိစ္စပါ။ စစ်တပ်ကို ပြုပြင်ပြောင်းလဲမှရမယ်။ သို့သော် စစ်အာဏာရှင်တွေကို ငြင်းပယ် အရေးနိမ့်အောင် လုပ်ပြီးမှစစ်တပ်ကို ပြောင်းလဲလို့ရမှာပါ။ ဒီလိုမှ မဟုတ်ရင် မြန်မာစစ်တပ်ဟာ ပုံမှန်နိုင်ငံတွေမှာ နားလည်လက်ခံပေးတဲ့စစ်တပ်ရဲ့နေရာကို ဘယ်တော့မှ ရောက်မှာမဟုတ်ပါဘူး။ စစ်အာဏာရှင်အောက်မှာတော့ စစ်တပ်ဟာ မာဖီးယားဂိုဏ်းလိုဖြစ်နေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီအကျိုးစီးပွါးတစုလေးကိုသာ ကာကွယ်ပေးတဲ့ အနိုင်ကျင့်စစ်တပ် ဂျီနိုဆိုက်စစ်တပ်ပဲဖြစ်နေပါလိမ့်မယ်။ အဲဒီမာဖီးယားတစုဟာ တိုင်းပြည်မှာ ရှိသမျှဓနဥစ္စာကို သိမ်းယူထားလိမ့်မယ်။
မအလ စစ်အာဏာရှင်လူစုအောက်မှာ “ဒီမိုကရေစီလမ်းပြမြေပုံ” ဘယ်လိုမှ ဖြစ်စရာမရှိဘူး။ စစ်+စီးပွါးကိုယ်ကျိုးရှာ လူတစုဟာ ကင်ဆာလို ရသမျှနေရာကို ချဲ့ထွင်အမြစ်တွယ်ပြီး တိုင်းပြည်ကိုဝါးမြိုသွားတာမျိုးပဲ ဖြစ်လာစရာရှိတယ်။
( အပိုင်း ၃)
အရေးတော်ပုံ ဘယ်လိုရှုံးနိုင်သလဲ။
ခက်ခဲတဲ့ နှစ်ကာလ တခုအပြီးမှာ ၂၀၂၂ ထဲကို ဘယ်လိုဝင်ရောက်ကြမလဲဆိုတဲ့ အတွေးတွေကို ရေးခဲ့တာ အခုဆိုရင် အပိုင်း ၃ ပါ။ အရင်အပိုင်းတွေမှာ အောက်ပါအချက်တွေကိုဖေါ်ပြခဲ့ပါတယ်။
၁။ စစ်ဖြစ်နေတဲ့အခြေအနေလို့ တည့်တည့်ပြောဖို့လိုမယ်။ ( ဘာသာစကား/ ရည်ညွှန်းချက်အပြောင်းအလဲ)
၂။ စစ်အာဏာရှင်တွေ နိုင်မနေဘူး။ ရှုံးလည်း မရှုံးသေးဘူး။
၃။ စစ်ပွဲထဲရောက်နေရင် (ရောက်လည်းနေပြီ) စစ်လက်နက်ဟာ အဓိကကျတယ်။
၄။ စစ်ကောင်စီရနေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ဝင်ငွေလမ်းကို ဖြတ်တောက်နိုင်ဖို့လိုတယ်။
၅။ လွတ်မြောက်နယ်မြေတွေ ချဲ့ထွင်နိုင်မှုကို အလှည့်အပြောင်းလို့ ယူလို့ရတယ်။ ( အခုထိတော့ ခက်နေသေးတဲ့ကိစ္စ)
၆။ စစ်တပ်က စစ်မျက်နှာများစွာ ဆန့်ထုတ်နေရရင် စစ်အာဏာရှင်တွေပြိုတဲ့ အနေအထား ရောက်နိုင်တယ်။
၇။ နိုင်ငံတကာမှာ အောင်ပွဲခံတာတွေရှိပေမယ့် လုံလောက်တဲ့ အောင်မြင်မှုထိတော့ မရောက်သေးဘူး။
နောက်ထပ် အချက် ၂ ခုကို ဆက်တင်ပြလိုပါတယ်။
၈။ နောက်ကွယ်ကနေ အစဉ်တစိုက် ကြိုးစားအားထုတ်နေတဲ့ မဟာမိတ်တည်ဆောက်ရေး လိုအပ်တယ်။
လက်ရှိလူထုတိုက်ပွဲ အနိုင်အရှုံး ရလဒ်ကို အဆုံးအဖြတ်ပေးမဲ့ အရေးကြီးဆုံး အချက်က ကျယ်ပြန့် နက်ရှိုင်းပြီးတည်တံ့တဲ့ မဟာမိတ် တည်ဆောက်နိုင်မလား ဆိုတာပဲဖြစ်ပါတယ်။ မဟာမိတ်တည်ဆောက်မှုကို ကျယ်ပြန့်နက်ရှိုင်းအောင် မလုပ်နိုင်ဘူးဆိုရင်တော့ စစ်အာဏာရှင်တွေဟာ တဖွဲ့ချင်းစီ အနိုင်ယူသွားတာ၊ တချို့နဲ့အပေးအယူလုပ်တာ ဖြစ်လာဖို့ အလားအလာများပါတယ်။
စစ်တပ်၊ သူ့ရဲ့ထောက်လှမ်းရေး ယန္တရား၊ တရုတ်နိုင်ငံ၊ တတိယလမ်းတွန်းနေတဲ့သူတွေ၊ လက်နက်ကိုင်အစုအဖွဲ့တချို့ရဲ့ စီးပွါးရေးအကျိုးစီးပွါးစတဲ့ အားကြီးတဲ့ အင်အားစုတွေဟာ လူထုလှုပ်ရှားမှုဘက်မှာ မဟာမိတ်အချိတ်အဆက်ကြီး ဖြစ်မလာအောင် ကြိုးစားနေကြပါတယ်။
NUCC ဟာ မဟာမိတ်တည်ဆောက်ရေးမှာ အရေးကြီးတဲ့ ယန္တရားအဖြစ်ဆက်ရှိနေပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့အနေအထား မရောက်ဘူးလို့ အသိအမှတ်ပြု ဝန်ခံရမှာဖြစ်ပါတယ်။ NUCC ဟာ မြန်မာပြည်မှာ ကြုံနေကျမဟာမိတ်ဖွဲ့စည်းပုံ အကျဉ်းအကြပ်ထဲ ရောက်နေပါတယ်။ ပုံမှန်ဖွဲ့စည်းပုံနဲ့သွားရင် သဘောမတူတာတွေ ပြောကြပြကြ ငြင်းကြတဲ့ နေရာဖြစ်လာတတ်တယ်။ ပုံမှန်ဖွဲ့စည်းပုံနဲ့ မသွားပဲ အကြီးအမှူးအခွင့်အာဏာမထား တပြေးညီသွားပြန်တော့လည်း တဖွဲ့ဖွဲ့ က သဘောမကျရင် ရှေ့တို့းလို့ မရအောင် ပိတ်ထားလိုက်လို့ရတယ်။ အဲဒီအခါအပျက်အစီးက ကြီးရတယ်။ မဟာမိတ် တည်ဆောက်ရေးခရီးမရောက်ပဲ အဖိုးတန်လှတဲ့ အချိန်တွေ စွမ်းအားတွေဆုံးရှုံးခဲ့ရပြီးပြီ။ မချိမဆန့် ခံစားနေရတဲ့ လူထုကို မျော်လင့်ချက်၊ အင်အားနဲ့ ခေါင်းဆောင်မှု ပေးရမယ့် အဖွဲ့ဟာ သူ့စွမ်းအားနဲ့ သူ့အချိန်ကို မသင့်မြတ်တွေ ဖြေရှင်းညှိနှိုင်းတာမှာ သုံးနေရတယ်။
ပြည်သူ့ဘဝပြောင်းလဲရေး သုတေသနစာတမ်း အများအပြားမှာ သတိပေးထားတာက ရေပြင်ညီခေါင်းဆောင်မှုပုံစံနဲ့တော်လှန်းရေး မအောင်မြင်နိုင်ဘူးဆိုတာပါ။ ဒါဟာ မြန်မာပြည်မှာ အလွယ်ရှင်းမရတဲ့ ပြဿနာပါ။ အထက်အောက်ခေါင်းဆောင်မှုဆိုရင် မဖြစ်မနေပါဖို့လိုတဲ့ အရေးကြီးတဲ့ အဖွဲ့တွေ ပါလာမှာ မဟုတ်ဘူး။ တဘက်မှာကျတော့ ( အထက်အောက်မဟုတ်တဲ့) ရေပြင်ညီခေါင်းဆောင်မှုနဲ့ စစ်ပွဲတွေ တော်လှန်ရေးတွေကို နိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်သာမက ကမ္ဘာ့ဘယ်နေရာမှာမဆို ဒီအတိုင်းပဲ။ ဒီလို နှစ်လမ်းလုံး ခက်တဲ့ အကျပ်အတည်းရှိနေသော်လည်း ခေါင်းဆောင်မှု ဖြစ်တည်ဖို့ သင်ယူအားထုတ်နေကြရမှာပါပဲ။
ဒါ့ကြောင့် ဥာဏ်ပညာနဲ့ မဟာဗျူဟာရင့်ကျက်မှု အလွန့်အလွန်ကို လိုအပ်နေပါတယ်။ ဒါမှသာ ပြင်းထန်တဲ့ ဘက်ပေါင်းစုံ ဖိအားတွေကြားကနေ ထိလွယ်ခိုက်လွယ်တဲ့ မဟာမိတ်တည်ဆောက်ရေးကို လုပ်နိုင်ကြမှာဖြစ်ပါတယ်။
ဒါ့အပြင် အားလုံးက လေးစားလက်ခံတဲ့ သူတွေကနေ မနားတမ်းညှိနှိုင်းပေးတာတွေ၊ သဘောထားကွဲတာပြဿနာပေါ်တာတွေ ဖြစ်တဲ့အခါ အထိအခိုက်နည်းအောင်လုပ်ပေးတာတွေ၊ စကားပြောလာကြအောင် ကျွမ်းကျွမ်းကျင်ကျင် စေ့စပ်ပေးတာတွေ လိုအပ်ပါတယ်။ အတွေးအမြင် ရေးသားဖန်တီးသူတွေကလည်း အတူရပ်တည်ကြဖို့ ရင့်ကျက်တဲ့ နိုင်ငံရေးအမြင်နဲ့ မဟာမိတ်ပြုကြဖို့လမ်းတွေကို အစဉ်တစိုက် ထောက်ပြနေကြရပါမယ်။
မြန်မာပြည်က လူမျိုးစုတွေဟာ အားလုံးစုစည်း ညီညွတ်ကြဆိုတဲ့ စကားလုံးကို ယုံလည်းမယုံ၊ စိုးရိမ်ပူပန်စိတ်လည်း ရှိပါတယ်။ အကြောင်းတွေရှိလို့ ဒီလိုမယုံကြည်ကြတာ ကိုလည်း သတိပြုပါတယ်။ ဒါ့ကြောင့်ပဲ (ညီညွတ်ကြပါဆိုတာထက်) ငါတို့အားလုံးအတူတူ ( togetherness) ဆိုတာကို ပိုအလေးပေး တိုးမြှင့်ကြဖို့ ပြောတာပါ။ ရိုးရိုးရှင်းရှင်းပြောရရင် “ အတူတူဆိုရင် နိုင်မှာပဲ - together we win”။ ကိုယ့်လမ်းနဲ့ကိုယ် တတိယလမ်း၊ စတုတ္ထလမ်း၊ ပဥ္စမလမ်းတွေဆိုရင်တော့ တဖွဲ့ပြီး တဖွဲ့ရှုံးနဲ့ အားလုံးရှုံးကြမှာပဲ။
အထောက်အကူဖြစ်မယ့် နည်းလမ်းတခုက တချို့သောပညာရှင်တွေ၊ တွေးသူရေးသူတွေ၊ တီထွင်ဖန်တီးတဲ့ လူငယ်တွေအနေနဲ့ လက်ရှိတော်လှန်ရုန်းကန်မှုကနေ အတူတကွ ဖြစ်တည်မှု ဘယ်လိုပေါ်ပေါက်လာနိုင်သလဲ၊ ဘယ်လိုအမြင်အတွေးပုံရိပ်တွေနဲ့ သွားကြမလဲဆိုတာကို အများပြည်သူရပ်ဝန်းထဲ ချပြဆွေးနွေးကြဖို့ပါ။ ဆင်းရဲဒုက္ခနဲ့နေထိုင်နေကြရတဲ့ လူမျိုးအထွေထွေဟာ အတူတကွဖြစ်တည်ဆက်စက်မှု ရှာတွေ့ဖို့ လိုပါတယ်။ အဲဒီတော့မှ ဆယ်စုနှစ်များစွာ ကြာလှပြီဖြစ်တဲ့ စစ်အာဏာရှင် ကင်ဆာအပေါ် အောင်ပွဲခံနိုင်ပါလိမ့်မယ်။
အနာဂတ်လူ့အသိုင်းအဝိုင်းရဲ့ အများဆိုင်နိုင်ငံမှာ ခိုင်မာတဲ့ အောက်ခြေတွေ ရလာဖို့အတွက် အတူတကွဖြစ်တည်ရပ်တည်မှု အရင်းအမြစ်တွေ ဖန်တီးကြဖို့ လိုပါမယ်။
၉။ တောင်းဆိုချက်များစွာနဲ့ NUG ကို မတန်တဆ ဝန်ပိစေခြင်းရဲ့ အန္တရာယ်
NUG ရဲ့ အထိအခိုက်မခံလှတဲ့ လက်ရှိမဟာမိတ်ပြုမှု ပြိုကွဲသွားရင် စစ်အာဏာရှင်တွေရဲ့ အောင်ပွဲစပါပြီ။ အဲဒီလိုပြိုကွဲရင် စစ်တပ်၊ NLD နဲ့ လူမျိုးစု မဟာမိတ်/မဟာမိတ်မဟုတ်တဲ့ အဖွဲ့ပေါင်းစုံဆိုတဲ့ ၃ ပွင့်ဆိုင် ပြန်ပေါ်လာပါမယ်။ အဲဒါဟာ စစ်တပ်ကရော၊ တရုတ်ကပါ ဖြစ်ချင်နေတဲ့ အခြေအနေပါ။
NUG ဘာ့ကြောင့် အရေးကြီးရသလဲမေးရင် တရားမဝင် စစ်အာဏာရှင်မဟုတ်တဲ့ တခြားသော ဖွဲ့စည်းပုံရှိနေတယ်လို့ ခိုင်ခိုင်မာမာပြောနိုင်တာကြောင့်ပါ။ NUG သာမရှိရင် စစ်အာဏာရှင်တွေ ဟာ တခုတည်းသော ယာယီအစိုးရဖြစ်နေတော့မယ်။ ရွေးကောက်ပွဲတွေ ယောင်ပြလုပ်နိုင်မယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှု၊ လက်ခံမှု တစုံတရာလည်း ရနေတော့မယ်။
NUG ရှိနေတာကြောင့်သာ စစ်အာဏာရှင်ရဲ့ ခြေလှမ်းတွေ အများကြီးခက်သွားတာပါ။ ပိုပြီးတရားဝင်တဲ့ ယာယီအုပ်ချုပ်မှုရှိတယ်လို့ မာမာချာချာပြောလို့ရတဲ့ အခါ နိုင်ငံတကာအနေနဲ့ စင်ပြိုင်နှစ်ခုကို ကြည့်ရတော့တယ်။ စစ်အာဏာရှင်တွေ ယာယီအုပ်ချုပ်ရေး တည်ဆောက်ဖို့ကို ခက်ခဲသွားစေတယ်။
သို့သော်လည်း NUG ဟာ မလွဲမရှောင်သာ အလွန်အားပျော့တဲ့ ဖွဲ့စည်းတည်ဆောက်ပုံပါ။ သူ့မှာ တောင်းဆိုမှုအများကြီးရဲ့ ဖိအားရှိနေပါတယ်။ ဒါကိုပူပန်ပါတယ်။ ပြည်သူ့လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာမိတ်ဆွေတွေကတောင်းဆိုချက်၊ အဆိုပြုချက်တွေ အများကြီးလုပ်ကြတာ သတိထားမိပါတယ်။ မလွှဲမရှောင်သာ အားပျော့တဲ့အသွင်ကူးပြောင်းရေး အစိုးရတွေဟာ ကိုယ့်ဘက်က လာတဲ့ဖိအားတွေနဲ့ပဲ ပြိုပျက်ရတာမျိုးရှိတယ်ဆိုတဲ့ ဆင်မြူရယ်ဟန်တံတန် ( အိုမင်းပြီဖြစ်တဲ့ နိုင်ငံရေးသိပ္ပံပညာရှင်) ပြောခဲ့တာရှိပါတယ်။
ဒါ့ကြောင့်စစ်အာဏာရှင် ယုတ်လျော့ဖို့နဲ့ စစ်တပ်အနေနဲ့ စစ်ရေးအောင်ပွဲ မရဖို့ကို အဓိကဂရုပြုပေးကြရပါမယ်။ ဆယ်စုနှစ်များစွာ စုလာတဲ့ မြန်မာပြည် ပြဿနာအားလုံးပြေလည်ရေး မူဝါဒဆိုတာမျိုးတွေနဲ့ ဖိအားပေးတာထက်ပိုလိုအပ်ပါတယ်။
လောလောဆယ်မှာ အားလုံးအကျုံးဝင်တဲ့ ကျင့်ဝတ်စံနှုန်းတွေနဲ့ အကျယ်အပြန့်သဘောတူညီချက်တွေ ရဖို့လိုပါမယ်။ အနာဂတ်မြန်မာပြည်အတွက် အားတက်စရာ အမြင်အတွေးတွေ လိုအပ်ပါတယ်။ စစ်တပ်ရဲ့ တလွဲအောက်ချုပ်မှုအောက်မှာ ဆယ်စုနှစ်များစွာ စုလာတဲ့ ပြဿနာတွေဘယ်လိုရှင်းရမယ်၊ အင်မတန်ရှုပ်ထွေးတဲ့ မြန်မာ့အရေးကို ဘယ်လို ဟန်ချက်ညှိအပေးအယူလုပ်ရမယ်ဆိုတာမျိုး အသေးစိတ်တွေရှိပါတယ်။ အဲဒီအသေးစိတ်တွေကိုတော့ ဖမ်းဆီး သတ်ဖြတ် နှိပ်စက်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေမရှိတဲ့ ကာလရောက်ရင် ပိုပြီးထိထိရောက်ရောက် ဆွေးနွေးနိုင်ကြမှာပါ။
အီဂေါဗလာဇီဗစ်