ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ PDF ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ဒီဇင်ဘာ ၃ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင် ပြန်လည်လွတ်မြောက်လာပြီလို့ လိုက်ပါကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။
PDF အဖွဲ့အား ငွေကြေးထောက်ပံ့တယ် စွပ်စွဲကာ မအေးမြင့်မြတ်အောင်ကို နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(ည) နဲ့ အမှုဖွင့်လှစ်ခံခဲ့ရတာဖြစ်ပါတယ်။
မအေးမြင့်မြတ်အောင်ရဲ့ အမှုကို စစ်ဆေးရာမှာ အထောက်အထားခိုင်လုံမှု မရှိတာကြောင့် ဒီဇင်ဘာ ၃၀ ရက် ညနေက တရားရုံးအမိန့်နဲ့ ပြန်လွှတ်ပေးလိုက်တာလို့ လိုက်ပါကူညီဆောင်ရွက်ပေးသူ ၁ ဦးက ပြောပါတယ်။
“သူ့ကို ရဲက စစ်ဆေးတဲ့အခါမှာ တရားစွဲတင်ဖို့ အထောက်အထား ခိုင်လုံမှုမရှိဘူးပေါ့။ ဒါကြောင့် တရားရုံးက သူ့ကို ရာဇဝတ်ကျင့်ထုံး ၁၆၉ အရ ပြန်လွှတ်ပေးလိုက်တာပါ။”
မအေးမြင့်မြတ်အောင်မှာ ကျောက်ဖြူအကျဥ်းထောင်မှာ ၁ လနီးပါး ထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး သူမဟာ ကျန်းမာရေးချူချာသူဖြစ်တဲ့အတွက် အခုလို ပြန်လွတ်မြောက်လာတဲ့အပေါ်မှာ ဝမ်းသာမိတယ်လို့ မအေးမြင့်မြတ်ရဲ့ အဒေါ်ဖြစ်သူက ပြောပါတယ်။
“ကျမတို့သမီးကို ဖမ်းသွားပြီး မကြာခင်မှာပဲ ကျောက်ဖြူအကျဥ်းထောင်ကို ပို့လိုက်တယ်။ သမီးကို ဖမ်းသွားတာ ၃ ရက်ကဆိုတော့ ၂၈ ရက်လောက်ကြာခဲ့တယ်။ သမီးကို စစ်ဆေးတော့ အပြစ်မရှိတဲ့အတွက် မနေ့က ညနေပြန်လွှတ်ပေးလိုက်တာပါ။”
ရခိုင်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက သံသယနဲ့ဖမ်းဆီးတရားစွဲထားသူ ၈ ဦး ကျန်ရှိနေပြီး သံတွဲမြို့နယ်က အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး၊ မြောက်ဦးမြို့နယ်က အမျိုးသား ၁ ဦး၊ တောင်ကုတ်မြို့နယ်က အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦးတို့ ဖြစ်ပါတယ်။