မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အခုလိုအချိန်ဟာ ခရီးသွားရာသီကာလဖြစ်ပေမဲ့ တည်းခိုမယ့် ခရီးသွားတွေ သိပ်ပြီး မရှိတာကြောင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းဖွင့်လှစ် လုပ်ကိုင်ကြတဲ့သူတွေ အရှုံးပေါ်နေကြတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒေသခံဧည့်ရိပ်သာလုပ်ငန်းရှင်တဦးက “အခု ခရီးသွားတွေများတဲ့ကာလဖြစ်ပေမဲ့ နိုင်ငံရေးအခြေအနေက မငြိမ်မသက် တွေဖြစ် လာခဲ့တာကြောင့် ခရီးသွားတွေမှာအသွားအလာ မလုပ်တာကြောင့် ဟိုတယ် မိုးတယ် ဧည့်ရိပ်သာတွေမှာ ဝန်ဆောင်မှု စရိတ်တွေ အရှုံးပေါ်လာတော့ လုပ်ငန်းတွေပါ ရပ်နားထား လိုက်ရတယ်”လို့ ပြောပါတယ်။
အရင်နှစ်တွေက နှစ်သစ်ကူးကာလရောက်တိုင်း ခရီးသွားတွေဟာ ရေးမြို့နယ်ရှိ ပင်လယ် ကမ်းခြေတွေဖြစ်တဲ့ ကဗျာဝပင်လယ်ကမ်းခြေနဲ့ အနောက်ပင်လယ်တို့မှာ ရန်ကုန်၊ ပဲခူး၊ မန္တလေး နေပြည်တော်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က ခရီးသွားတွေ အများဆုံးလာရောက်လည်ပတ်လေ့ရှိကြတာဖြစ်ပါတယ်။
ပင်လယ်ကမ်းခြေမှာ ပင်လယ်စာ ရောင်းချသူတဦးက “အခုက ခရီးသွားတွေ မလာရောက် မလည်ပတ်ကြတဲ့အခါ ပင်လယ်စာ ရောင်းအားလည်းကျဆင်းပြီး ပင်လယ်ကမ်းခြေမှာ မှီခို လုပ်ကိုင်နေကြတဲ့ အပန်းဖြေဝန်ဆောင်မှု လုပ်ကိုင်သူတွေမှာလည်း ဝင်ငွေတွေ ထိခိုက်ခဲ့တယ်” လို့ ပြောပါတယ်။
အရင်ကခရီးသွားများတဲ့ နှစ်တွေဆို ပင်လယ်ကမ်းခြေမှာ ထောင်နဲ့ချီ ခရီးသွားတွေ ရှိကြပြီး ညအိပ်နားတဲ့ ခရီးသွားတွေမှာ အခန်းမလုံလောက်တဲ့ အခြေနေတွေနဲ့လည်း ကြုံရတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ရေးမြို့နယ်အပြင် မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် အခြေအနေမကောင်းတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေဟာ စစ်အာဏာသိမ်းလိုက်တဲ့ အချိန်မှာတော့ အဆိုးဝါးဆုံးအခြေအနေနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။