Home
ဆောင်းပါး
မကောင်းသူ‌တွေသာ ဆေးကြောမယ့် မြန်မာဆေးမိုး
DVB
·
December 21, 2021
Article copy

အရိမေတ္တေယျ မြတ်စွာဘုရားရှင် အနာဂတ်တဝင်ကျမ်းထဲမှာတော့ သာသနာကွယ်ပြီးတဲ့နောက် ကာလကြာရင် လူတွေဟာ မကောင်းမှုတွေကိုသာ ပြုကျင့်ကြလို့ ကမ္ဘာဆေးမိုးဆိုတာက လူသား‌တွေ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သားငါးအမှတ်နဲ့ သတ်ကြ၊ ဖြတ်ကြ၊ ခုတ်သတ်ကြရာ အရိုးအသားတွေ ပြည့်လျှံ အရိုးများ သွေးများ ဖြစ်ကုန်ကြတဲ့အခါ ကမ္ဘာဆေးမိုးကြီး ရွာချလို့ အရိုးအသား‌တွေ မျောကုန်ကြလိမ့်မယ်လို့ ပါပါတယ်။

အခု စာရေးသူတို့နိုင်ငံမှာတော့ ပြည်သူပြည်သားတွေအပေါ် နှစ်ပေါင်း ၇၀ ကျော် နိုင့်ထက်စီးနင်း ဗိုလ်ကျပြီး မကောင်းမှုကုဋေကဋာ ကျုးလွန်ခဲ့ကြတဲ့ စစ်အခွင့်ထူးခံတသိုက်နဲ့ သမ္မတရူး ဓားပြ သူခိုး စစ်ဗိုလ်ယုတ်တယောက်က ဦးဆောင်ပြီး တိုင်းပြည်အာဏာကို လုယူခဲ့တဲ့ မတရားမှုကို ဆန့်ကျင်ကြတဲ့ လက်နက်မဲ့ပြည်သူတွေကို မောင်းပြန်သေနတ်တွေနဲ့ ခေါင်းကို ချိန်ရွယ်ပစ်ခတ် ဦးနှောက်ထွက်ကျအောင် သေစေတဲ့ မဟာအကုသိုလ်ကြီးတွေ အထပ်ထပ်ကျုးလွန်ခဲ့သူတွေကို ဆေးကြောသန့်စင်ပစ်မယ့် မြန်မာဆေးမိုးကြီး ရွာချနေပြီ ဖြစ်ပါတယ်။ 

ဒီကနေ့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်မီးကြီး တညီညီး ပြန်လည်တောက်လောင်လာရခြင်းနဲ့ နိုင်ငံသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အညှာအတာမဲ့ သတ်ဖြတ်‌လို့ ကမ္ဘာဆေးမိုး ရွာသလို မြန်မာဆေးမိုး ရွာလာရတဲ့ အရင်းခံအကြောင်းတရားကို ကြည့်လိုက်ရင် ဓားပြ သူခိုး သမ္မတရူး စစ်မင်းအောင်လှိုင်တယောက်တည်းကြောင့် မဟုတ်ဘဲ ဓာတ်တူ နံတူ စစ်အခွင့်ထူးခံလူတစုရဲ့ ကြိုတင်ကြံစည်ပြီး နိုင်ငံအာဏာ လုယူခဲ့ရုံမက မတရားမှုကို လက်မခံတဲ့ လက်နက်မဲ့ပြည်သူတွေကို ခေါင်းကိုချိန်ပစ်ပြီး ဦးနှောက်ထွက်ကျ သေဆုံးအောင် လူမဆန်စွာ ရက်စက်ယုတ်မာမှုတွေကြောင့် ပြည်သူလူထုဟာ မိမိအသက်အိုးအိမ်ကို ကာကွယ်ဖို့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အရ လက်နက်စွဲကိုင်ပြီး ခုခံကာကွယ်စစ်ကို ဆင်နွှဲလာရတာ ဖြစ်ပါတယ်။

တကယ်‌တော့ ၈၈၈၈ အရေးတော်ပုံကြီးကြောင့် အာဏာလက်လွှတ်ခဲ့ရတဲ့ စစ်အာဏာရှင် တသိုက်ဟာ ယိုင်ရွဲ့လာတဲ့ စစ်သံပခြုပ်ကြီးကို ကျားကန်ကြိုးတုပ်ဖို့နဲ့ သူတို့အခွင့်ထူးခံလူတန်းစား အကျိုးစီးပွားကို ကာကွယ်ပြီး ပြည်သူ့ဒီမိုကရေစီအိပ်မက်ကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ကြီးနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (Union Solidarity and Development Association) ကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ တည်ထောင်ခဲ့ကြတာပါ။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရပါတီ NLD ပြည်သူ့ပါတီရဲ့ လူထုက ရွေးချယ်လိုက်တဲ့ အမတ်တွေကို ဖမ်းဆီးသတ်ဖြတ် ထောင်ချရင်း ပြိုင်ဘက်ကို ကြိုးတုပ်ပြီး နိုင်ငံတော်နဲ့ ပြည်သူပိုင်ဘဏ္ဍာ မြေယာတွေ အသုံးပြုဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလို့ အမည်ပေးပြီး ပါတီထောင်ခဲ့တာဟာ စစ်အာဏာရှင်စနစ်ကို နိုင်ငံ‌ရေးပါတီ မျက်နှာဖုံးစွပ်ပေးခဲ့ကြတာပါပဲ။

အမှန်တော့ စစ်တပ်၊ ကြံ့ဖွံ့ပါတီ၊ စွမ်းအားရှင်၊ လက်ပတ်နီ ပျုစောထီး အားလုံးဟာ စစ်အခွင့်ထူးခံ လူယုတ်တွေ တာဝန်ခွဲလုပ်နေကြတာပါ။ သူတို့အားလုံးဟာ စစ်အာဏာရှင်စနစ်ရဲ့ ဒီပုပ်ထဲက ဒီပဲတွေပါပဲ။ ငွေအကြွေစေ့တပြားတည်းက ခေါင်းနဲ့ပန်းပမာပါပဲ။ 

ဒါကြောင့်မို့လို့လည်း တပ်မတော်က အငြိမ်းစားဗိုလ်ချုပ်‌‌ဟောင်းတွေနဲ့ အာဏာလက်လွှတ်ခဲ့ရတဲ့ အရင်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်ခဲ့လို့ဆိုပြီး ၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ပြောလာတဲ့အချိန်မှာ သမ္မတရူး မအလနဲ့ စစ်တပ်က အထောက်အထားမရှိဘဲ NLD မဲလိမ်သလိုလို ပြည်သူတွေကပဲ မဲလိမ်သလိုလို စွပ်စွဲလာကြတာဟာ မသာအိမ် ဖဲလိမ်ရိုက်ဖို့ လာကြတဲ့ လူလိမ်ဖဲသမားနဲ့ အလံရှူးဖဲသမားတသိုက်နဲ့ အတူတူပါပဲ။ 

အခုတော့ ကြောင်ကြာကြာရေမငုပ်ဘူး ဆိုစကားလိုပဲ၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့တုန်းက ကြံ့ခိုင်ရေးဥက္ကဋ္ဌ သန်းဌေး ဦးဆောင်ပြီး လုံခြုံရေးကိစ္စရပ်‌တွေမှာ ကြံ့ခိုင်ရေးနဲ့ စစ်တပ် ပူးပေါင်းဆောင်ရွက်ဖို့ နေပြည်တော်မှာ အစည်းအဝေးလုပ်ခဲ့ကြောင်းကို ကြံ့ခိုင်ရေးဘက်က တရားဝင် သတင်းထုတ်ပြန်ခဲ့တယ်ဆိုတဲ့ သတင်းကို Khit Thit Media မှာ ရေးထားတဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။ 

မြန်မာ့နွေဦးအရေးတော်ပုံကြီးဟာ အစပထမပိုင်းမှာ စစ်အာဏာရှင်စနစ်ဟောင်းကို အပြီးဖျက်သိမ်းပြီး ပြည်သူဒီမိုကရေစီစနစ် တည်ဆောက်ဖို့ နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ လမ်းပေါ်တက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြတာပါ။ အဲဒါကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်အားကိုးနဲ့ ပြည်သူလူထုကို အညှာအတာမဲ့ သတ်ဖြတ်မှုကို စတင်ကျုးလွန်ခဲ့ကြတာဟာ အာဏာရှင်သစ္စာခံ ဖက်ဆစ်စစ်တပ်နဲ့ အလိုတူအလိုပါ အခွင့်ထူးခံလူတစ်စုဖြစ်တာမို့ မြန်မာ့နွေဦးအရေးတော်ပုံကြီးရဲ့ ဒုတိယအဆင့်မှာ သမိုင်းလိုအပ်ချက်အရ CRPH ၊ NUG နဲ့ ပြည်သူ့ခုခံကာကွယ်ပိုင်ခွင့်အရ လက်နက်ကိုင်တော်လှန်ဖို့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ ပေါ်ထွန်းလာခဲ့ကြတာ အားလုံးသိပြီး ဖြစ်ပါတယ်။ 

ဒီနေရာမှာ တချို့သူတွေက ငြိမ်းချမ်းရေးနဲ့ အကြမ်းမဖက်ရေးလမ်းစဉ်ကို တောက်လျှောက်စွဲကိုင်လာတဲ့ ပြည်သူချစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NUG ရဲ ခုခံစစ်နဲ့ PDF တပ်ဖွဲ့တွေရဲ့ လက်နက်ကိုင်လမ်းစဉ်ကို လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုပြီး ပြည်သူလူထုထောက်ခံမှု လျော့အောင်၊ ငွေကြေးလှူဒါန်းတာတွေ၊ ငွေတိုက်စာချုပ်ဝယ်တာ နည်းသွားအောင် ပြောဆိုဝေဖန်လာကြပါတယ်။

ဒီနေရာမှာ ကြားဖြတ်လို့ အသိမိုက်မဲတဲ့ တိရစ္ဆာန်တွေကို ဆုံးမပဲ့ပြင်ရာမှာ မြတ်စွာဘုရားရှင် ကိုယ်‌တော်တိုင်ဟာ အဲဒီတိရစ္ဆာန်သတ္တဝါတို့မှာ ပိုင်ဆိုင်ထားတဲ့ လက်နက်ခွန်အား ကြမ်းတမ်းမှုထက်ပိုတဲ့ အင်အားတန်ခိုးတော်ကို သုံးဖို့ ခွင့်ပြု‌တော်မူခဲ့တာကို အပြင်အောင်ခြင်း ၈ ပါးထဲက နန္ဒောပနန္ဒနဂါးတိရစ္ဆာန်ကို တန်ခိုးကြီးမားတဲ့ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးကို အင်အားသုံးနှိမ်နင်းဆုံးမဖို့ ခွင့်ပြုတော်မူခဲ့တာကို ရေးပြချင်ပါတယ်။

အခါတစ်ပါးမှာ မြတ်စွာဘုရားရှင်နဲ့ ရဟန္တာ အပါး ၅၀၀ တို့ ကောင်းကင်ခရီးက‌နေ မြင်းမိုရ်တောင်ကို ဖြတ်ပြီး တာဝတိံသာနတ်ပြည်ကို ကြွတဲ့ခရီးမှာ နန္ဒောပနန္ဒနဂါးမင်းရဲ့ ဗိမာန်ကို ဖြတ်ရတဲ့အခါ အသိဉာဏ်နည်း အယူလွဲနေတဲ့ နဂါးက သူ့ရဲ့ကြီးမားလှတဲ့ ခန္ဓာကိုယ်အဖြစ် ဖန်တီးပြီး မြင်းမိုရ်တောင်ကို သူ့ကိုယ်နဲ့ ခုနစ်ပတ်ပတ်ကာ ပါးပျဉ်းကြီးနဲ့ တာဝတိံသာကို မမြင်ရအောင် ဖုံးအုပ်ထားခဲ့ပါသတဲ့။

အဲဒီအခါ အရှင်ရဋ္ဌပါလက နဂါးမင်းကို သူ ဆုံးမပါရစေလို့ ခွင့်တောင်းပါတယ်။ ဘုရားရှင်က ဆုံးမခွင့်မပြုခဲ့ပါဘူး၊ နောက် အရှင်ဘဒ္ဒိယ၊ အရှင်ရာဟုလာ စတဲ့ အစဉ်အတိုင်း ခွင့်တောင်းသော်လည်း ခွင့်မပြုခဲ့ပါဘူး။ နောက်ဆုံး အရှင်မဟာမောဂ္ဂလန်မထေရ် လျှောက်ထားချိန်မှာ ခွင့်ပြုတော်မူပါတယ်။

အရှင်မဟာမေဂ္ဂလန်ဟာ မူလကိုယ်အသွင်ကို စွန့်ပြီး နဂါးမင်းအသွင် ဖန်ဆင်းကာ နန္ဒောပနန္ဒနဂါးမင်းရဲ့ ခန္ဓာကိုယ်အပြင်ဘက်ကနေ တစ်ဆယ့်လေးပတ် ရစ်ပတ်ကာ မြင်းမိုရ်တောင်ကြီးဖြင့် ဖိကြိတ်ဆုံးမပါသတဲ့။

အဲဒီနောက် မထေရ်မြတ်ဟာ ပကတိကိုယ်အသွင်ကို စွန့်ကာ ဂဠုန်မင်းအသွင် ဖန်ဆင်းပြီး နဂါးကို အစဉ်တစိုက် လိုက်ပါတယ်။ နဂါးမင်းလည်း ပြေးမလွတ်နိုင်တဲ့အဆုံး သူရဲ့အတ္တဘောကို စွန့်ကာ လုလင်အသွင်ဖြင့် “အရှင်ဘုရား… အရှင်ဘုရားဟာ တပည့်တော်ရဲ့ ကိုးကွယ်ရာ ဖြစ်တော်မူပါဘုရား” လို့ ပြောလျက် မထေရ်မြတ်ရဲ့ အခြေအစုံကို ရှိခိုးလျက်နေပါတော့တယ်။ ဒီလို နဂါးမင်းကို သာလွန်တန်ခိုးပါဝါအင်အားနဲ့ နှိမ်နင်းယဉ်ကျေးစေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် NUG နဲ့ PDF တွေအင်အားသုံးပြီး လူလို မသိတတ်တဲ့ စစ်မိစ္ဆာတိရစ္ဆာန် စစ်အခွင့်ထူးခံ အုပ်စုနဲ့ ထောက်ခံသူ‌တွေ၊ အလုပ်အကျွေးပြုနေသူတွေ ဒလန်တွေကို အင်အားသုံး ဆုံးမနှိမ်နင်းပြီး ခုခံတန်ပြန်စစ်ဆင်နွှဲ‌နေတာကို ပြည်သူနဲ့ အမြဲတမ်းရပ်တည်တဲ့ ငြိမ်းချမ်းရေးတရား လက်ကိုင်ထားတဲ့ ဗုဒ္ဓသမီးတော် ဒေါ်အောင်ဆန်းစုကြည်က သဘောတူမယ်ဆိုတာ အပြည့်အဝ ယုံကြည်မိပါတယ်။ ပြည်သူသာ အဓိကလို့ လူထု‌ခေါင်း‌ဆောင်က အခါခါပြောခဲ့ဆိုခဲ့တာ မဟုတ်လား။

နောက်တချက်က ဒီရက်ပိုင်းအတွင်း မန္တလေး၊ ရန်ကုန်မြို့ကြီးတွေနဲ့ တချို့မြို့ရွာတွေမှာ ပိုက်စိပ်တိုက် လိုက်လာရှာဖွေ ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ PDF တပ်ဖွဲ့ဝင်တွေ အဖမ်းခံ၊ အသတ်ခံရတဲ့ သတင်းတွေ ဖတ်ရပါတယ်။

စစ်အခွင့်ထူးခံတွေကို ဒီနေရာကနေ သတိပေးချင်တာက မြန်မာနိုင်ငံမှာ မြို့ပေါင်း ၃၃၀ နဲ့ ရွာပေါင်း ၇၀,၈၃၈ က ပြည်သူအများစုဟာ စစ်မိစ္ဆာအာဏာရှင်စနစ်ကို ရှင်းလင်းမယ့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့၊ ဖက်ဒရယ်တပ်ရင်းတပ်ဖွဲ့တွေချည်းပဲ ဆိုတာပါပဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အခုချိန်မှာ စစ်ဗိုလ်ယုတ်ဟောင်းတွေ ဦးစီးတဲ့ ကြံ့ဖွံ့ပါတီ၊ စွမ်းအားရှင်၊ လက်ပတ်နီ ပျုစောထီး အချောင်သမား ၂၁ ပါတီ စတဲ့ ပြည်သူ့ဘုံရန်သူအားလုံးဟာ ဖက်ဆစ်စစ်မိစ္ဆာတပ်နဲ့ ဗြောင်ပူးပေါင်းလက်တွဲလို့ သူတို့ရဲ့ ရှင်သန်‌ရေး နောက်ဆုံး ကြိုးပမ်းချက်အနေနဲ့ နိုင်ငံနဲ့ပြည်သူအပေါ် အမြင့်ဆုံး ယုတ်မာရမ်းကားဖို့ ပြင်ဆင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ပြည်သူ‌တွေဘက်ကလည်း လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်သန်နိုင်ခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုဒီမိုကရေစီနိုင်ငံသစ် တည်ဖို့ လူပေါင်း တစ်သိန်းခွဲ သေဆုံးခဲ့ရပြီး လူ ၁ သန်းကျော် အိုးအိမ်ပျက်စီးခဲ့ရတဲ့ နှစ်‌ပေါင်း ၇၀ ကျော်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ အခွင့်ထူးခံ စစ်အာဏာရှင်စနစ် ဖျက်သိမ်းပစ်ဖို့ မကောင်းမှုအထပ်ထပ် ကျူးလွန်ခဲ့သူ၊ ဆက်ကျုးလွန်နေသူတွေကို ဆေးကြောသန့်စင်ပစ်မယ့် မြန်မာဆေးမိုးကြီး ရွာချနေပြီဖြစ်တာ သတိပေးလိုပါတယ်။

ဒါကြောင့် ဖက်ဆစ်စစ်တပ်ထဲ ဆက်အမှုထမ်းနေသူတွေ၊ အာဏာလု စကစကို ဆက်အလုပ်ကျွေးပြုနေတဲ့ Non CDM တွေ၊ အသိဉာဏ်အမှောင်ဖုံးပြီး မျိုးညစ် ဘာသာညစ် အယူလွဲနဲ့ လူသတ်စစ်မိစ္ဆာတွေကို ထောက်ခံဝိုင်းရံနေသူတွေအားလုံး မြန်မာဆေးမိုးကြီး ဆေးကြောသန့်စင် ဖယ်ရှားရာမှာ မပါချင်ရင်တော့ စစ်မိစ္ဆာအဝန်းအဝိုင်း စက်ကွင်းထဲက လွတ်အောင်ရှောင်ကြဖို့ မှတပါး အခြားမရှိပါကြောင်း။

(မင်းကောင်းချစ်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024