စစ်ဘုရင် ‘ဂျင်ဂျစ်ခန်’က အာဖဂန်ကို စစ်ချီတိုက်ခိုက်ဖို့ စစ်သားရွေးတော့ တယောက်ချင်းကို “မင်း စစ်နိုင်ရင် ဘာလုပ်မလဲ” ဆိုတဲ့မေးခွန်းကို မေးပြီး စစ်သားရွေးသတဲ့။ တချို့စစ်သားတွေက “ပြည်သူကို ရင်ဝယ်သားကဲ့သို့ နွေးထွေးစေမယ်။ အသက်ကြီးသူကို အမိအဖကဲ့သို့ စောင့်ရှောက်မယ်။ သူ့အိမ်ရာကို မဖျက်ဆီးစေရ။ သူ့မယားကို ကာယိန္ဒြေမပျက်ယွင်းစေရ” လို့ ဖြေကြတာလည်း ရှိပေါ့။ အဲဒီလို ဖြေတဲ့အုပ်စုကို တစုထားလိုက်တယ်။
တချို့စစ်သားတွေကတော့ “စစ်နိုင်ရင် သူ့အိပ်ရာကို ကိုယ့်အိပ်ရာလုပ်မယ်။ သူ့မယားကို ကိုယ့်မယားလုပ်မယ်။ သူ့ဥစ္စာစည်းစိမ်တွေကို ကိုယ်ဥစ္စာစည်းစိမ်ဖြစ်အောင် လုပ်မယ်။ သူတို့ နေအိမ်မှန်သမျှ ဖျက်ဆီးပစ်မယ်။ မီးလောင်တိုက်သွင်းမယ်။ လူတွေကို မြို့လယ်ကောင်မှာ အရှင်လတ်လတ် ‘သရိုးကိုင်’ပစ်မယ်”လို့ ဖြေသတဲ့။ အဲဒီလိုဖြေတာကိုလည်း တအုပ်စု ခွဲထားလိုက်တယ်။
တကယ် စစ်ချီသွားတဲ့အခါမှာတော့ ပထမ စစ်သားအုပ်စုတွေကို ထားပစ်ခဲ့ပြီး ဒုတိယ စစ်သားအုပ်စုတွေကို ရွေးခေါ်သွားခဲ့တယ်။ အဲဒီပွဲမှာ အနိုင်ရရှိခဲ့သလို မြို့တော်ကြီးတခုလုံးကိုလည်း မီးလောင်တိုက်သွင်းခဲ့ကြတယ်။ အမျိုးကောင်းသားသမီးတွေလည်း အဓမ္မပြုကျင့်ခြင်း ခံရတယ်။ တွေ့သမျှ ဥစ္စာပစ္စည်းတွေလည်း လုယူခဲ့ကြတယ်။ လူငယ်လူရွယ်တွေနဲ့ တွေ့သမျှ သက်ကြီးရွယ်အိုတွေပါမကျန် မြို့လယ်ကောင်မှာ အရှင်လတ်လတ် အင်္ဂတေနဲ့ သရိုးကိုင်လိုက်ကြတယ်’လို့ ဆိုပါတယ်။ စစ်သမိုင်းပညာရှင် ကီးဂန်းလည်း ဒီအကြောင်းအရာတချို့ ရေးထားတာကိုလည်း လွန်ခဲ့တဲ့ နှစ် ၃၀ ခန့်က ဖတ်လိုက်ရတာလေး ပြန်သတိရနေမိတယ်။
တချို့အချက်တွေနဲ့ စာအုပ်တော့ မေ့နေပြီ။ အခု ပြန်ရေးတဲ့အချိန်မှာ စာအုပ်နဲ့ဝေးတဲ့နေရာ ရောက်နေလို့ မှတ်မိသမျှ ပြန်ရေးလိုက်တာ။ အကိုးအကားတော့ မပေးနိုင်ပေဘူးပေါ့။ အဲ့လို ဖတ်ခဲ့ရစဉ်က ဘယ်ခေတ်ပဲဖြစ်ဖြစ် အဲ့သလောက် လူမဆန်တဲ့ လုပ်ရပ်မျိုးကို မလုပ်လောက်ဘူးလို့ပဲ ထင်မြင်ခဲ့တာ။ အခုခေတ်ကို ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းလိုက်ရတော့မှပဲ လူမဆန်တဲ့ လူစိတ်ကင်းမဲ့တဲ့ စစ်ရေးခေါင်းဆောင်ဆိုတာ ခေတ်တိုင်းမှာ ရှိတတ်တာပဲလို့ သတိမူလိုက်မိတယ်။ ပြောချင်တာက ဂျင်ဂျစ်ခန်တို့ခေတ်အကြောင်း ပြောချင်တာတော့ မဟုတ်ဘူး။ ဒီနေ့ အာဏာလု စစ်အုပ်စုရဲ့ လုပ်ပုံကိုင်ပုံတွေကို မြင်တွေ့လိုက်ရတော့ အဲဒီစာပိုဒ်လေးကို သွားသတိရမိလို့ပါ။
‘ထန်တလန်မြို့’ကို သုံးလအတွင်းမှာ ၁၃ ကြိမ်အထိ မီးလောင်တိုက်သွင်းလို့ အိမ်ခြေ ၅၅၀ ကျော် ပြာကျသွားပုံတွေ။ ကရင်နီဒေသတွေရဲ့ အထင်ကရမြို့ဖြစ်တဲ့ ဒီးမော့ဆိုကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မီးလောင်တိုက်သွင်း ဖျက်ဆီးခဲ့တာတွေ။ မြို့ပျက်ကြီးတွေကို ဖြစ်လို့။ အနယ်နယ် အရပ်ရပ်က အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပုံတွေ။ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို ခိုးဝှက်လုယူကြပုံတွေ။ အပြစ်မဲ့ပြည်သူတွေကို အကြောင်းကျိုးမဲ့ သတ်ဖြတ် ပစ်ခတ် မီးတင်ရှို့တာတွေ။ ကချင်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်းတို့မှာ အမျိုးသမီးငယ်တွေအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ မီးနေသည်နဲ့ သက်ကြီးရွယ်အို အမျိုးသမီးမကျန် မုဒိမ်းကျင့် ရမ်းကားကြပုံတွေ။
မြို့အစုံစုံ ရွာအဖုံဖုံတိုင်းလိုလို ဒီပုံစံဒီအချိုးအတိုင်း စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်ပုံတွေကို မြင်တွေ့ရတိုင်း ဂျင်ဂျစ်ခန်ရဲ့ စစ်သားတွေလည်း ဒီလိုလုပ်ခဲ့တာ နေမှာပဲလို့ မြင်ယောင်လာမိတယ်။ စစ်အာဏာရှင်ကာလတလျှောက်လုံး ကျူးကျော်အိမ်တွေဆိုပြီး မီးတင်ရှို့တာတွေ၊ ဈေးတွေကို မီးရှို့ပြီး အာဏာပိုင်တွေ ခွဲဝေယူကြတာတွေဟာ ဘဝတလျှောက်မှာ မြင်တွေ့ခဲ့ရဖန်များလာတယ်။ စစ်ကောင်စီရဲ့ စစ်ကျွန်တွေဟာ ဂျင်ဂျစ်ခန်စစ်သားတွေထက် အဆမတန်ဆိုးဝါးခဲ့တာကို မြင်တွေ့နေရတယ်။
ရက်စက်လိုက်ကြတာ။ မယဉ်ကျေးတဲ့ခေတ် အရိုင်းခေတ်က အတိတ်ကို ပြန်အပြစ်မတင်လိုပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ ကမ္ဘာ့ပြည်သူတိုင်း လက်မခံသင့်တဲ့ လုပ်ရပ်တခုပါပဲ။ ဂျင်ဂျစ်ခန်တို့ ခေတ်အခြေအနေနဲ့ ဒီနေ့ခေတ်ကာလအခြေအနေတွေ မတူညီကြတော့ဘူး။ ပိုယဉ်ကျေးလာတယ် ဆိုပေမဲ့ စစ်ကောင်စီရဲ့ စစ်ကျွန်တွေကတော့ ဂျင်ဂျစ်ခန်ရဲ့ စစ်သားတွေထက်တောင် ပိုမိုရိုင်းစိုင်း ယုတ်မာခဲ့ကြသည်ပဲလေ။
ရှေးခေတ်နဲ့ အခုခေတ်က လူတဦးချင်း အခွင့်အရေးတို့ဟာ ကွာခြားလာခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ် ကာလ ဟစ်တလာရဲ့ လက်မရွံ့ ဖက်ဆစ်တွေ၊ ဂျူးတွေအပေါ် ကျူးလွန်ခဲ့ပြီးတဲ့နောက်ပိုင်း ‘လူသားအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ’အဖြစ် ကမ္ဘာမှာ စွဲချက်တင်လာခဲ့ကြတယ်။ အာဏာလုစစ်အုပ်စုရဲ့ တပ်ဟာ ပြည်သူတွေအပေါ် ဒီလိုအမှုတွေကို ကျူးလွန်ခဲ့တာ နှစ်ကာလတွေ အတော်ရှည်ကြာခဲ့ပါပြီ။ နှစ်ပေါင်း ၇၀ ကျော် ကြာပေါ့။ ဒီကျူးလွန်မှုတွေကို မြန်မာနိုင်ငံ ပြည်တွင်းစစ် အစပြုကတည်းက စစ်တပ်က ကျူးလွန်ခဲ့တာ။ အထူးသဖြင့် တိုင်းရင်းသား နယ်မြေတွေမှာ ဒီလို ရမ်းကားယုတ်မာခဲ့တာ ကြာခဲ့ပါပြီ။ စစ်ရာဇဝတ်မှုကို အာဏာလုစစ်အုပ်စုရဲ့ စစ်တပ်ဟာ တကြိမ်မက အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်။
စစ်ရာဇဝတ်မှုကိုတော့ “နိုင်ငံတကာပြစ်မှုဆိုင်ရာတရာရုံး ရောမဥပဒေအရ စစ်ပွဲအတွင်း လူအများအပြားကို ဆန္ဒအလျောက် သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ စစ်ရေးအရ လိုအပ်ခြင်းမရှိဘဲ ပိုင်ဆိုင်မှုပစ္စည်များကို ဖျက်ဆီးခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ အကာအကွယ်မရှိသော စစ်ရေးစစ်ရာအနေနှင့် တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်မထားသောမြို့များ၊ ရွာများ၊ နေအိမ်များကို မည်သည့်နည်းနှင့်မဆို တိုက်ခိုက်ခြင်း စသည်တို့ကို ကျူးလွန်ခြင်း”လို့ ဖွင့်ဆိုထားတယ်။
ဒီလို ကျူးလွန်မှုတွေကို ကမ္ဘာ့ကုလသမဂ္ဂရော နိုင်ငံတကာအဖွဲ့အစည်းတွေရောကတော့ ပြစ်တင်ရှုတ်ချတာ၊ စာနာတာလောက်နဲ့ပဲ ပြီးဆုံးသွားခဲ့ကြတယ်။ ပြစ်မှုကျူးလွန်သူကို ထိထိရောက်ရောက် ဟန့်တားရပ်တန့်အောင် မလုပ်နိုင်ခဲ့ကြသေးဘူး။ ‘သူတို့ ပြည်တွင်းရေး’ ဆိုတဲ့ စကားရပ်အောက်မှာ ကျူးလွန်သူကို အကာအကွယ်ပြုရာ ရောက်စေခဲ့တယ်။ အားပေးအားမြှောက် လုပ်လိုက်သလိုပါပဲ။ ကမ္ဘာကြီးဟာ ကျဉ်းလာတယ်။ ‘ကမ္ဘာပြားပြီ’ လို့ ဆိုကြပေမဲ့ အကောင်းဘက်မှာ မပြားဘဲ အဆိုးဘက်မှာပဲ ပိုပြားလာဟန်ပါပဲ။ ‘ကမ္ဘာလုံးဆိုင်ရာဝါဒ’ လို့ ‘World Order ကို အသံပြာအောင် ဟစ်ခဲ့ကြပေမယ့် လူမဆန်အောင် ရက်စက်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရမ်းကားမှုတွေကိုတော့ အကာအကွယ်မပေးနိုင်သေးပါဘူး။
၅-၁၂-၂၁ နေ့ ရန်ကုန်၊ ကြည့်မြင်တိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ လုပ်ရပ်တွေဟာ မယုံကြည်နိုင်ဖွယ်ရာ ဖြစ်ရပ်တွေအဖြစ် မြင်တွေ့ခဲ့ရတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကားနဲ့တိုက်၊ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ ကမ္ဘာ့စာမျက်နှာမှာ မြင်တွေ့ခဲ့ကြပြီ။ ဒီလိုမျိုး ဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက်သတ်ခဲ့တာဟာ စုစုပေါင်း ၁၉ ကြိမ်ရှိနေပြီလို့ ဆိုတယ်။ ဒီတကြိမ်တော့ သက်သေခံတွေနဲ့အတူ ကမ္ဘာ့စာမျက်နှာအထိ ရောက်လာခဲ့တယ်။ စစ်အုပ်စုရဲ့ အန္တရာယ် ရန်ပြုမှုကြားက သက်သေခံအဖြစ် ဗွီဒီယိုရိုက် မှတ်တမ်းတင်ပေးကြတဲ့ ပြည်သူလူထုကို ကျေးဇူးတင်ကြရမှာပါ။
ကြည့်မြင်တိုင် လူသတ်မှုအပြီးမှာပဲ ၇-၁၂-၂၁ နေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲ ‘ဒုန်းတောရွာ’သား ၁၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့တဲ့ ဖြစ်ရပ်ကို မြင်တွေ့ရပြန်တယ်။ မျက်မြင်သက်သေတွေက ‘လက်ပြန်ကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့အသတ်ခံရသူတွေရဲ့ အော်ဟစ် အကူညီတောင်းသံတွေကို ကြားနေရပေမဲ့ သွားကယ်လို့ မရအခြေနေ’ ကို ဆို့နင့်ရှိုက်ငင် ပြောသံတွေကလည်း စိတ်မချမ်းမြေ့ဖွယ်ရာ ကြားနေရတယ်။ တကယ့်ရင်နင့်ဖွယ်ရာ ဖြစ်ရပ်တွေ။ ရက်စက်လိုက်ကြတာလို့ ပြောရုံနဲ့ မလုံလောက်တဲ့ ယုတ်မာမှုတွေ။ ၈-၁၂-၂၁ မှာ မီးရှိုခံထားရတဲ့ အလောင်း ၅ လောင်း ထပ်တွေ့တယ်။ စုစုပေါင်း ၁၆ လောင်းတဲ့။ အဲဒီအထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၅ ယောက် ပါသတဲ့။ ‘နေစိမ့်တဲ့ကမ္ဘာကြီး’လို့ပဲ အပြစ်တင်ရုံနဲ့ မလုံလောက်တဲ့ အခြေအနေပါ။
အာဏာသိမ်းစစ်အုပ်စုရဲ့ မုဒိမ်းပြုကျင့်မှုတွေဟာ ‘စစ်ပွဲရဲ့ လက်နက်တခု ဗျူဟာအသုံးတခုအဖြစ် အသုံးပြုခဲ့တယ်’ လို့ ပြောဆိုကြတာတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ‘အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)’ ရဲ့ ပြောခွင့်ရသူက “ဒီမုဒိမ်းမှုနဲ့ ပတ်သက်ပြီးတော့မှ တိုင်းရင်းသားဒေသတွေမှာဆိုလို့ရှိရင် ဘာကြောင့် ကျမက စစ်ပွဲရဲ့ လက်နက်တခုအဖြစ် အသုံးပြုတယ်လို့ ပြောရသလဲဆိုရင် အမျိုးသမီးအများစုဟာ လက်နက်ကိုင်တော်လှန်ရေး မဟုတ်ကြဘူး။ ဒါပေမဲ့ ဒီတိုက်ပွဲကာလအတွင်း သူတို့တွေ မုဒိမ်းကျင့်ခံရတယ်။ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းတွေလည်း ခံရတယ်။ မုဒိမ်းကျင့်ရုံလားဆို မဟုတ်သေးဘူး။ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်တာလည်း တွေ့ရတယ်။ ဒါတွေဟာ စစ်ရေးရဲ့ လက်နက်အဖြစ် အသုံးချနေတာပဲ”လို့ ဆိုပါတယ်။
စစ်အုပ်စုက စစ်ပွဲရဲ့လက်နက်အဖြစ် မုဒိမ်းကျင့်ခံရတဲ့ သာဓကတွေထဲမှာ ရခိုင်မှာ အမျိုးသမီးတယောက် မီးဖွားပြီးစမှာ ပြုကျင့်ခံရတာတွေ။ ရှမ်းပြည်နယ်အလယ်ပိုင်း ရွာလေးက အမျိုးသမီးတဦး ပြုကျင့်ခံရတာတွေ။ နိုဝင်ဘာ ၁၁ ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တာတွေ။ တီးတိန်မှာလည်း မီးဖွားပြီးစ အမျိုးသမီးတယောက်ကို ပြုကျင့်ခဲ့တာတွေ။ ကွတ်ခိုင်မှာလည်း အသက် ၆၂ နှစ်အရွယ် အဘွားတယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ သတင်းတွေက သက်သေခံနေတယ်။ ဖြစ်ပျက်ခဲ့သမျှဟာ စစ်တလင်းပြင် နယ်မြေတွေမှာပဲ။
စစ်အုပ်စုက အာဏာကို အဓမ္မလုယူပြီးတဲ့နောက် ၁၀ ကျော်အတွင်းမှာ ရာဇဝတ်မှုပေါင်း ၂၀၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ စာရင်းအတိအကျနဲ့ ထွက်လာခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ စုံစမ်းစစ်ဆေးရေးခေါင်းဆောင် Nicholas Koumijian ကတော့ “အာဏာသိမ်း မြန်မာစစ်တပ်ဟာ အကြမ်းဖက် သတ်ဖြတ်မှုတွေကို အစီစဉ်ရှိရှိ စနစ်တကျ ကျူးလွန်နေတယ်”လို့ ဒီဇင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလိုထုတ်ပြန်ပြီး မကြာမီမှာပဲ မန္တလေး ချမ်းမြသာစည်မြို့နယ်က ခုတင် ၃၀၀ ဆေးရုံကို ဂျူတီဝင်ဖို့လာတဲ့ သူနာပြုနဲ့ သူ့အမျိုးသားကိုပါ နှစ်ယောက်လုံးကို ဆေးရုံရှေ့မှာပဲ အဆင်ခြင်မဲ့ ရမ်းကား ပစ်သတ်လိုက်ပြန်ပါတယ်။
မြန်မာ့စစ်အုပ်စုရဲ့ လူမဆန်အောင် ရမ်းကားရက်စက်မှုတွေကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကြီး ဒီအတိုင်း ဆက်လက်ရမ်းကားခွင့်ပြုနေဦးမယ်ဆိုရင် မြန်မာလူထုရဲ့ အနာဂတ်ဟာ မတွေးရဲစရာပါပဲ။ စွဲချက်တင်ကြမယ်ဆိုရင်လည်း အာဏာလုမြန်မာ့စစ်အုပ်စုဟာ လူမျိုးတုံး သတ်ဖြတ်မှု (Genocide) လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity)၊ စစ်ရာဇဝတ်မှု (War Crime) တို့ကို တပြိုင်တည်း ကျူးလွန်ခြင်းဖြစ်တာ ကြောင့် ဒီအချက် သုံးချက်လုံးနဲ့ ကမ္ဘာ့ခုံရုံးမှာ စွဲချက်တင် ‘ပြစ်ဒဏ်ချမှတ်ရန်မှတပါး အခြားမရှိ’ ဟု ဆိုရန်သာ ရှိပါတော့တယ်။
ဂန္ထဝင်မောင်ထူး