စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ Regional News Agency သတင်းဌာနက သတင်းထောက် ကိုမင်းသိုက်ထွန်းအပါအဝင် လူငယ် ၁၂ ယောက်ကို ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ် အင်အား ၂၀၀ နီးပါးနဲ့ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
“မနေ့ နေ့လယ် ၂ နာရီ လောက်မှာ မုံရွာမြို့ အလုံဘုန်းကြီးကျောင်းတစ်ကျောင်းမှာ စစ်အင်အား ၂၀၀ လောက်ဝိုင်းပြီးဖမ်းဆီးသွားတယ်။ ဖမ်းဆီးချိန်မှာ သေနတ်ပစ်ဖောက် ရိုက်နှက်ဖမ်းဆီး သွားတယ်” လို့ မျက်မြင်တဦးက ပြောပါတယ်။
ကိုမင်းသိုက်ထွန်းဟာ မုံရွာနယ်မြေခံ သတင်းထောက်တစ်ယောက်ဖြစ်ပြီး ပြည်တွင်းပြည်ပ သတင်းဌာနတွေကို စစ်ကောင်စီရဲ့ ဥပဒေချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ စတဲ့သတင်းတွေ ရေးသားပေးပို့နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် သတင်းသမား စုစုပေါင်း ၁၀၀ ကျော် အဖမ်းခံခဲ့ရကာ ၆၆ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး ၃၅ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ Myanmar Press Freedom In-Depth ကထုတ်ပြန် ထားပါတယ်။