ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုဂ်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ ဖောင်းဆိုင်ဘက်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မနက် ၅ နာရီ ဝန်းကျင်ခန့်ကနေ နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြန်လည်ပြင်းထန်နေပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ပြင်ထန်ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"ဟုတ်တယ်၊ ဒီမနက် ၅ နာရီ ကနေ မန်းယန်ရွာနဲ့ ဘန်မွေးရွာတွေဘက် တိုက်ပွဲဖြစ်တာကို မုံးကိုးမြို့ကနေလည်း လက်နက်ကြီး ပစ်ကူတယ်။ ဖောင်းဆိုင်ရွာကနေလည်း လက်နက်ကြီး ပစ်ကူနေတာကြောင့် ဆုတောင်းတောင်အဖွဲ့က ဖောင်းဆိုင်ရွာက စစ်ကောင်စီတပ်ကို ပစ်လိုက်တာ အရပ်သား ပြည်သူတွေ ၁ ယောက်က သေဆုံးသွားတယ်။ နောက် ၁ ယောက်နဲ့ ကလေးလေး ထိခိုက် ဒဏ်ရာရသွားတယ" လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
သေဆုံးသွားသူမှာ ဖောင်းဆိုင်ဈေးရွာက အသက် ၆၀ အရွယ် ဦးရင်မင့်ကန်ဖြစ်ပြီး ဒဏ်ရာရသူ ၂ ဦးက မြေးဖြစ်သူ ကလေးငယ်နဲ့ ဦးဖုတ်ဂျောင်ခေါင်းဟောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မုံးကိုး ဒေသခံတဦးက "ဒီမနက် ၅ နာရီ မထိုးခင်ကတည်းက တောက်လျှောက် သေနတ်ပစ်သံတွေ ကြားနေတယ်။ ၁၁ နာရီ ဝန်းကျင်ထိ။ လက်နက်ကြီးကတော့ တောက်လျှောက်ပစ်နေတယ်။ မနေ့ညလည်း ည သန်းခေါင်မှာလည်း ပစ်နေတာပဲ။ မနေ့ညနဲ့ ဒီမနက်တော့ တော်တော်ပြင်းထန်တယ်" လို့ ပြောပါတယ်။
မုံးကိုး နဲ့ မူဆယ် လမ်းတလျှောက် နေရာအနှံ့ စစ်ကောင်စီတွေ ရှိနေပြီး ရွာအများစုမှာ စခန်းချ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က စစ်ကား ၄၀ ကျော် စစ်ကူဖို့ မုံးကိုးဘက်ကနေ ထိုးစစ်ဆင်လာပြီး မန်ရန်တပ်စခန်းနဲ့ ရှိကျိကျတောင်တန်းကို လက်နက်ကြီးကျည် ၅၀ ကျော်၊ သေနတ်ပစ်ဗုံးသီး၂၀ ကျော်အပါအဝင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အပြင် တပ်စခန်းရှိရာနေရာတွေကို ဒရုန်းလွှတ် ထောက်လှမ်းခဲ့တယ်လို့ ကိုးကန့် MNDAA ကသတင်းထုတ်ပြန်ထားပါတယ်။
ဖောင်းဆိုင်ဘက်မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAAတို့အကြား တိုက်ပွဲတွေကြောင့် ဒီနေ့အထိ လက်နက်ကြီး သေဆုံးသူ ၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးနဲ့ အထက်ရှိပြီလို့ သိရပါတယ်။
Photo Crd# Wikipedia, The Kokang