စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်းက ဘုရာကြီးရပ်အမှတ် ၁ ရဲစခန်းအနီးက နေအိမ်အချို့မှာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်ခင်းပိုင်းက လျှပ်စစ်မီတာခတွေ အတင်းအကျပ် လိုက်လံကောက်ခံနေတယ်လို့ ဒေသခံဆွေဆီက သိရပါတယ်။
ရွှေစည်းခုံဘုရားအနီး၊ တင်ဝင်းထွန်းဗိမာန်နဲ့ မျက်နှာချင်းဆိုင်က ကလေးပန်းခြံလို့ လူသိများတဲ့ တိုက်ခန်းတွေကို လက်နက်အပြည့်အစုံ၊ စစ်ယူနီဖောင်းနဲ့ လူ ၅ ယောက်ရယ်၊ လျှပ်စစ်က လူတွေရယ် စုစုပေါင်း ၁၀ ဦးထက်မနည်း လာရောက်ကောက်ခံတာလို့ အမည်မဖော်လိုတဲ့ အိမ်ရှင်မတဦးက ပြောပါတယ်။
“အခု မီတာဆောင်ရမှာက အရင်လတွေကမဆောင်ခဲ့ရတဲ့ လတွေပါ အကုန်ဆောင်ရမယ်။ စုစုပေါင်း ၈ လစာပေါ့။ တချို့ဆိုရင် ၄ သိန်းကျော်ကျတာတွေ ရှိတယ်။ တချို့ဆို ၃ သိန်းကျော်တွေလည်း ပါတယ်ဗျ။ အနည်းဆုံးက ၂ သိန်းနီးပါးဟာ အနည်းဆုံးပဲ။”
ကိုဗစ်ကာလမှာ စီးပွားရေးအစဉ်မပြေမှု တွေနဲ့ကြုံတွေနေရသလို လက်ရှိမှာလည်း စစ်ရေး အခြေအနေတွေကြောင့် စီးပွားရေးအဆင်မပြေဖြစ်နေကြပြီး အခုလို ၈ လစာ ပေးဆောင်ခိုင်းတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ ပြည်သူတွေက ပြောပါတယ်။
မုံရွာမြို့နယ်က ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေကလည်း လျှပ်စစ်မီတာ ကောက်ခံတာကို ရပ်တန့်ဖို့ ကြေညာချက်ထုတ်ပြန် သတိပေးထားပေမယ့် စစ်ကောင်စီက သူတို့ လုံခြုံရေးထိန်းချုပ်နိုင်မဲ့နေရာတွေမှာ မီတာခ လိုက်ကောက်ခံနေတာလို့ သိရပါတယ်။