စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ စင်းသင်းရွာနားမှာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ အလောင်း ၃ လောင်း ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“တောထဲ ရွှေမျောမှာနေတဲ့သူတွေဗျ။ ၇ ရက်နေ့က စပြီး အဖမ်းခံရတာ။ အဆက်အသွယ်မရလို့ စစ်ကြောင်းသွားရာ လမ်းတလျှောက်လိုက်ရှာတော့ သေနတ်နဲ့ပစ်သတ်ပြီး မြှုပ်ထားခဲ့တဲ့ အလောင်းတွေ တွေ့ရတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ တောထဲမှာ ရွှေမျောလုပ်နေကြသူတွေဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကိုမျိုးထွန်း (ချောင်းဆုံ)၊ အသက် ၄၀ အရွယ် ဦးစိန်လွင် (ကံထူးမ) နဲ့ ရုပ်အင်္ဂါမမှတ်မိအောင် သတ်ဖြတ်ခံရသူတစ်ဦး စုစုပေါင်း ၃ လောင်းတွေ့ခဲ့တာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၈ ရက်က ကာပေါင်းကျကို တပ်စွဲထားတဲ့စစ်တပ်ဟာ ဆုတ်ခွာသွားပြီးနောက် ရွာထဲမှာတင် ဖမ်းဆီးနှိပ်စက် မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတစ်လောင်းလည်း တွေ့ရှိခဲ့သလို နေအိမ် ရာနဲ့ချီ မီးရှို့၊ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာအနီးမှာလည်း စစ်တပ်က သတ်ဖြတ်ထားခဲ့တဲ့ အလောင်း ၁၅ လောင်း ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေက တွေ့ရှိခဲ့ပါတယ်။