စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာအနီးမှာ မီးရှို့ပြီးလူသတ်ခဲ့တဲ့ စစ်တပ်ကို နိုင်ငံတကာစစ်ခုံရုံးမှာ တရားစီရင်ဖို့ လုံလောက်တဲ့သက်သေ ခိုင်လုံတဲ့အထောက် အထားတွေရရှိထားပြီလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၇ ရက် မနက် ၁၁ နာရီလောက်က ဒုန်းတောရွာအနီးက လယ်စောင့်တဲမှာ သာမန်အရပ်သား ပြည်သူ ၁၁ ယောက်ကို စစ်သားတွေက ဖမ်းဆီးပြီး သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး မသေမရှင်အချိန်မှာ စစ်သားတွေက လယ်စောင့်တဲနဲ့ အတူ မီးရှို့ပြီး ပစ်ထားခဲ့တာဖြစ်ပါတယ်။
ဒုန်းတောရွာအနီးမှာ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီကသတ်ဖြတ်ထားခဲ့တဲ့ အလောင်း ၄ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
ဒီဖြစ်စဉ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စောင့်ကြည့်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ စစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ်နိုင်ငံတကာက သတ်မှတ်နိုင်အောင် ခိုင်လုံတဲ့အထောက် အထားတွေရရှိထားပြီလို့ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
စစ်တပ်ဆိုတဲ့အခြေအနေကနေ အကြမ်းဖက်အဖွဲ့အဖြစ် တဖြေးဖြေးချင်း အသွင်ပြောင်းလာတာ မြင်နိုင်တယ်လို့ NUG လူအခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ဒုန်းတောရွာမီးရှို့လူသတ်မှုလိုမျိုးလုပ်ရပ်တွေကို တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာကတည်းက ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူတစ်ယောက်က ပြောပါတယ်။
ရခိုင်၊ ကချင်၊ ကရင်၊ ရှမ်းပြည်နယ်နဲ့ ရိုဟင်ဂျာအရေးတွေမှာ တရားမဲ့ပြုကျင့်မှုတွေ၊ လူသတ်မှုတွေ၊ မီးရှို့မှုတွေ၊ အဓမ္မမှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးသမား တွေက ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သပိတ်လူငယ်တွေကို ကားနဲ့ဝင်တိုက်ပြီး ပစ်ခတ်သတ်ဖြတ်တာ၊ ဒုံးတောရွာမှာ ပြည်သူ ၁၁ ယောက်ကို မီးရှို့သတ်ဖြတ်တာ၊ နိုင်ငံအနှံ့ လက်နက်မဲ့ ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်တာတွေဟာ နိုင်ငံတကာ စစ်ခုံရုံးမှာ တရားစီရင်ခံရဖို့အတွက် လုံလောက်တဲ့သက်သေတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
Synergy လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့မှ ကိုသက်ဆွေဝင်းက "တရစ်ပြီးတရစ် ဒါမျိုးလူမဆန်တဲ့ကိစ္စတွေလုပ်လာလေလေ ဖက်ဆစ်တွေကို စစ်ခုံရုံး ပြည်သူ့ခုံရုံး ကမ္ဘာ့ခုံရုံးမှာတင်ဖို့ တဖြေးဖြေးပိုပြီးနီးစပ်လာပါတယ်။ ပြည်သူတွေကို များများဖိနှိပ်လေလေ ပြည်သူတွေရဲ့ တော်လှန်စိတ်ကလည်း သွေးမအေးဘဲနဲ့ ဒီကောင်တွေကို ရတဲ့နည်းလမ်းနဲ့ တော်လှန်ကြဖို့လိုတယ်။
တော်လှန်ရေးမြန်မြန်အောင်မြင်မှ ဒီလိုဒုက္ခတွေကလွတ်မယ်ဆိုတာကိုလည်း ပြည်သူတွေ ကြားထဲမှာ ရှင်းရှင်းလင်းလင်း မြင်လာနေကြပါပြီ။ သူ့တို့သွေးရူးသွေးတန်းနဲ့လုပ်နေတာပါ။ နိုင်ငံတကာစာမျက်နှာတွေမှာလည်း သူတို့ရှုံးနိမ့်နေတာကို နေတိုင်းကြားနေရတာပါ။ ဖက်ဆစ်တွေ ရဲ့ ကျဆုံးခန်းဟာ မဝေးတော့ပါဘူး။"လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ စစ်တပ်တစ်ခုတည်းရဲ့ အကျိုးစီးပွားကိုပဲ ရည်ရွယ်ပြီး ပြည်သူ့ဆန္ဒသဘောထားတွေကို မျက်ကွယ်ပြုခဲ့တာဖြစ်ပါတယ်။
ပြည်သူတင်မြှောက်ထားတဲ့ခေါင်းဆောင်တွေကို မတရားဖမ်းဆီးတာ၊ ပုဒ်မအများကြီးနဲ့တရားစွဲပြီး ထောင်ဒဏ်တွေချမှတ်နေတာ၊ အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတာတွေဟာ အစိုးရတစ်ရပ်ရဲ့လက္ခာမျိုးမဟုတ်ဘဲ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ရဲ့ လက္ခဏာသာဖြစ်တယ်လို့ ရန်ကုန်လူငယ်ကွန်ရက်ဦးဆောင်သူ ကိုဇေလင်းမွန်က ပြောပါတယ်။
"စစ်တပ်က ပိုပြီးဆိုးတဲ့အကြမ်းဖက်မှုတွေ ဆက်လုပ်လာနိုင်တဲ့အတွက် ပြည်သူတွေ ရှောင်းရှားနေထိုင်ကြဖို့ သတိပေးချင်ပါတယ်။ ပိုဆိုးတဲ့ လုပ်ရပ်တွေကို လုပ်လာနိုင်ပါတယ်"
အာဏာသိမ်းပြီးနောက်ပိုင်း ဒီဇင်ဘာ ၈ ရက်အထိ စစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူ ၁၃၀၀ ကျော်ရှိခဲ့ပြီး ပြည်သူ ၇၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။
စစ်တပ်ကဖမ်းဆီးသွားပြီး စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်တာကြောင့် ကိုယ်လက် အင်္ဂါချို့ယွင်းခဲ့ရသူတွေ၊ ရိုက်နှက်တာ လက်လွန်ပြီး သေဆုံးခဲ့ရသူတွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားအနိုင်ကျင့်မှုတွေလည်း အများအပြားရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေအတွက် ခိုင်လုံတဲ့သက်သေတွေစုဆောင်းပြီး စစ်ကောင်စီကို အရေးယူဖို့ နိုင်ငံတကာတရားရုံးကို တင်သွင်းတိုင်ကြားထားတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရတာဝန်ရှိသူတွေက ပြောထားပါတယ်။