နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်တာနဲ့ ဆန္ဒပြသူတွေကို စစ်တပ်က ကားနဲ့ တိုက်သတ်တာတွေကြောင့် နိုင်ငံရေးပြဿနာတွေကို အဖြေရှာနိုင်ရေး အလှမ်းဝေးစေမယ်လို့ အန်စီအေ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေးကို ဒီဇင်ဘာ ၇ ရက် ဒီနေ့မနက် ကျင်းပရာမှာ ပြောကြားခဲ့တာပါ။
ဒီနေ့ အစည်းအဝေး နိဂုံးချုပ် မိန့်ခွန်းမှာ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ရန်ကုန် ကြည့်မြင်တိုင်မှာ ဖြစ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို စစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲတဲ့အပေါ် ကန့်ကွက်ရှုတ်ချတယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်ကောင်စီကပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီးလည်း လက်ခံနိုင်ဖွယ်မရှိလို့ ပြောပြီး ဒီလို ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံရေး ပြဿနာတွေကို အဖြေရှာနိုင်ရေး ပိုပြီး အလှမ်းဝေးစေတယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းရာမှာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကပဲ အသင့်တော်ဆုံးအဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ယုံကြည်ပြီး သက်ဆိုင်ရာ နိုင်ငံရေး အစုအဖွဲ့တွေ၊ နိုင်ငံတကာတို့နဲ့ ဆွေးနွေးပြီး နည်းလမ်းရှာ ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။