ရန်ကုန်၊ ကြည့်မြင်တိုင်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ကားနဲ့တိုက်သတ်၊ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေကို နေ့တွင်းချင်း တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မနေ့ည ၈ နာရီလောက်က စမ်းချောင်းမြို့နယ်၊ အမှတ် ၂၄ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ပြည်သူ့တော်လှန်ရေးအင်အားစုတွေက ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စစ်သားတချို့ သေဆုံး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးတော့ ခရမ်းမြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးအဆောက်အအုံတခုထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မနေ့ည ၈ နာရီခွဲလောက်က ၄၀ မမ ဗုံးသီးနဲ့ ခရမ်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လှိုင်သာယာမြို့နယ်၊ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ တပ်မတော်အထည်ချုပ် စက်ရုံနားက စစ်ကောင်စီတပ်တွေ တပ်စွဲထားရာနေရာတွေကို ပေါက်ကွဲအားပြင်းတဲ့ ဗုံးတွေသုံးပြီး နွေဦးတော်လှန်ရေးမီးတောက် (Spring Revolution Flames- SRF) အဖွဲ့က မနေ့ည ၉ နာရီခွဲလောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်မှာလည်း စစ်ကောင်စီတပ်တွေရဲ့ စီးပွားရေး ဒေါက်တိုင်တခုဖြစ်တဲ့ OMINI FOCUS ကုမ္ပဏီပိုင် YBS 99 ယာဉ်လိုင်းဆီကို စစ်ကောင်စီတပ်တွေ လာနေတုန်း အာဏာသိမ်းဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (Anti-Coup People’s Liberation Force, ACPLF) အဖွဲ့က အဝေးထိန်း ဗုံး ၂ လုံး သုံးပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက် ဒဏ်ရာရ သေဆုံးမှု အခြေအနေကိုတော့ အသေးစိတ်စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါတွေဟာ “ပျံလွှားအောင်” စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အခက်အခဲတွေကြားက နေ့တွင်းချင်း စီစဉ်ခဲ့တာဖြစ်သလို စစ်ဆင်ရေးအရှိန်ကို ဆက်မြှင့်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီတာ၊ ပူးပေါင်းပါဝင်တာတွေကို အရှိန်မပျက် ဆက်လုပ်သွားကြဖို့ တိုက်တွန်းထားပါတယ်။