ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ မြန်မာစစ်တပ်အကြား ၂၀၁၁ ခုနှစ်က စတင်ပြီး တိုက်ပွဲတွေ တကျော့ပြန်လည်ဖြစ်ပွားခဲ့တာကြောင့် ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ကြရတာ ၁၀ နှစ် နီးပါး ရှိလာနေပါပြီ။
စစ်ရှောင်စခန်းတွေမှာ နေထိုင်ချိန် ကြာလာတာနဲ့အမျှ စခန်းထဲက စစ်ရှောင်မိသားစုတိုင်းဟာ အခက်အခဲမျိုးစုံနဲ့ အဆင်မပြေမှုကြားမှာ ကြိုးစားပြီးနေထိုင်နေကြရတာပါ။ ၂၀၁၉ ခုနှစ်က စတင်ဖြစ်ပွားလာတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေဟာ အရင်ကထက် ပိုမိုပြီး ခက်ခက်ခဲခဲ နေထိုင်နေကြရပါတယ်။
စစ်ရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ကူးစက်ခံရမှု မရှိသလောက် ဖြစ်ပေမဲ့ တတိယလှိုင်းမှာတော့ စစ်ရှောင်ပြည်သူ အများအပြား ကူးစက်ခံခဲ့ရပါတယ်။
စစ်ရှောင်စခန်း အများစုဟာ ထောက်ပံ့ကြေးအနေနဲ့ တစ်လမှာ တစ်ယောက်ကို တစ်သောင်းကျော်လောက်သာ အလှူရှင်တွေဆီကနေ ရရှိကြတာပါ။ ဒီလိုအခြေမှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ကိုယ်ခံအားကောင်းအောင် အစားအသောက်တွေ ဝယ်ယူစားသောက်ဖို့အတွက် ငွေကြေးမလုံလောက်တာ၊ ဆေးဝါးဝယ်ယူဖို့ ငွေကြေးမရှိတာတွေကြောင့် ရောဂါဒဏ်ကို အချိန်ကြာရှည်စွာခံစားကြရတာပါ။
ကိုဗစ်-၁၉ ရောဂါတင်မကပဲ အခြား အထွေထွေရောဂါဖြစ်ပွားမှုတွေလည်း ရှိနေပြီးဆေးကုမှုခံယူဖို့ ငွေကြေးမရှိတာ၊ စစ်ရှောင်စခန်းတွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေမှာ လိုအပ်တဲ့ဆေးဝါး မလုံလောက်တာတွေကို ရင်ဆိုင်နေရပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုရှိနေသေးတာကြောင့် စစ်ရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပစ္စည်းတွေဖြစ်တဲ့ Mask၊ လက်ဆေးရည်၊ ရောဂါစစ်တဲ့ Test Kit တွေ၊ PPE ကအစ လိုအပ်နေဆဲ ဖြစ်ပါတယ်။