မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ဦ ၄၁ လမ်း၊ ကုန်စိမ်းတန်း ညဈေးအနီး ကမ်းနားလမ်းပေါ်မှာ နိုဝင်ဘာ ၂၄ ရက် ဒီနေ့ မနက် ၇ နာရီလောက်က စစ်ကား တစ်စီး ဗုံးနဲ့ ပစ်ခံခဲ့ရပြီး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဈေးသည် ၁ ယောက် ဒဏ်ရာရသွားပါတယ်။
ကုန်စိမ်းတန်း ညဈေးမှာ ဈေးလာဝယ်တဲ့ စစ်ကောင်စီတပ်ကားကို ဗုံးနဲ့ပစ်တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကားက ဈေးလာဝယ်တာ။ ဒါကို ဗုံးနဲ့ ပစ်သွားတာ။ ထိခိုက်ဒဏ်ရာရတာရှိနိုင်တယ်။ ကားပေါ်ပါတဲ့ စစ်သားတွေကလည်း ပြန်ပစ်တော့ ရုဏ်းရင်းဆန်ခတ်နဲ့ ပြေးကြတော့ သေသေချာမသိလိုက်ဘူး။” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတယောက်က ပြောပါတယ်။
ဗုံးနဲ့ ပစ်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဗုံးနဲ့ထုခံရတဲ့အတွက် တပ်ကြပ်ကြီး လှမင်းက ညာလက်မောင်း မိုင်းစထိမှန်ဒဏ်ရာ၊ဒုတပ်ကြပ် ဇောလင်းထိုက်က ညာလက်ချောင်း မိုင်းစထိမှန် ဒဏ်ရာ၊ တပ်သား နိုင်နိုင်ထွန်းက ညာလက်ဖျံ မိုင်းစထိမှန်ဒဏ်ရာနဲ့ တပ်သား ရဲကိုက ညာလက်ချောင်း မိုင်းစထိမှန် ဒဏ်ရာတို့ ရရှိခဲ့တာဖြစ်ပါတယ်။
ဗုံးနဲ့ထုခံရတဲ့အတွက် အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ ပတ်ဝန်းကျင်ကို ရမ်းသန်း ပစ်ခတ်တာကြောင့် ဈေးသည်တယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးဝယ်ပြည်သူ ၄ ယောက်လောက်လည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရရှိခဲ့ပါတယ်။