ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းပူရီခရိုင်၊ ကဘင်ပူရီမြို့နယ်၊ ဘန့်ခလောင်းကန်ကျေးရွာမှာ မြန်မာအလုပ်သမတယောက် မုဒိမ်းကျင့်ခံရပြီးနောက် သတ်ဖြတ်မီးရှို့ခံရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၁ နှစ်ရွယ်ရှိ မြန်မာအမျိုးသမီး တယောက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် မနက် ၈ နာရီလောက်က သူရဲ့ အခန်းထဲကနေပျောက်ဆုံးသွားတာပါ။
အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲဖြစ်ပြီး ဆံချည်မျှင်တွေကပ်နေတဲ့ စယ်လိုတိပ်နဲ့ သွေးစ တွေပါတွေ့လို့ ရိုးရိုးသားသားပျောက်ဆုံးတာမဖြစ်နိုင်ကြောင်း ဆွေမျိုးသားချင်းတွေက ကဘင်ပူ ရီ ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၁၆ ရက်က အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေတဲ့ နန်းဆုမ်မိုင်ဆိုသူမှ တာဝန်ရှိသူထံဆက်သွယ်လာကြောင်း ၊ သူ့ရဲ့မောင်ဖြစ်သူ နိုင်းဘွန်းလိုင် (၂၄ နှစ်)က မြန်မာမိန်းကလေးပေါ် မုဒိမ်းမှုကျူးလွန်ပြီး သေဆုံးတဲ့အထိ လက်လွန်သွားတယ်လို့ အမကိုဖွင့်ပြောထားကြောင်း၊ သူ့မောင်ကျူးလွန်တာနဲ့ပတ်သက်လို့ သေဆုံး သွားတဲ့မိန်းကလေးရဲ့ အသုဘစရိတ်ကို တာဝန်ယူပေးမယ်လို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့က နိုင်းဘွန်းလိုင်ကို စုံစမ်းရှာဖွေရာမှာ နိုဝင်ဘာ ၁၈ ရက်နေ့က ထိုင်း- ကမ္ဘောဒီးယားနယ်စပ် ဆာကယောက်ခရိုင် ဝပ်ထနားခွန်းမြို့နယ်ရှိ သက်ကယ်တောထဲမှာ ခရီးတထောက်နားနေစဉ် ဖမ်းဆီးရမိခဲ့ပါတယ်။
နိုင်းဘွန်းလိုင်က မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံပြီး နိုဝင်ဘာ ၁၉ ရက်နေ့မှာ အလောင်းမီးရှို့ထားတဲ့ နေရာကို လိုက်ပြခဲ့ပါတယ်၊ အဆိုပါနေရာမှာ အခင်းဖြစ်တဲ့နေရာနဲ့ ၃၆ ကီလိုမီတာကွာဝေးတဲ့ ဆီအုန်းခြံတစ်ခုထဲက ရေကန်နားမှာရှိပြီး အရိုးတွေတခြားစီဖြစ်နေကာ အနံ့အသက်ဖုံးတဲ့အနေနဲ့ တာယာခွံ ၂ လုံးကိုပါ ရောပြီး မီးရှိုထားတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကဘင်ပူရီ ရဲတပ်ဖွဲ့က နိုင်းဘွန်းလိုင်ကို ခြိမ်းခြောက်၊အင်အားသုံး မုဒိမ်းကျင့်မှု၊ တမင်ကြံရွယ်လူသတ်မှု၊ ရက်စက်စွာညှဉ်းဆဲသတ်ဖြတ်မှု၊ အလောင်းဖျောက်ဖျက်မှု စတဲ့ ပြစ်မှု ၄ ခုနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Ref- ejan.com