ပျံလွှားအောင်စစ်ဆင်ရေးကို အခုထက်ပိုမိုပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်ပြီး စစ်အုပ်စုကို တိုက်ခိုက်သွားမယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း တိုင်း ၃ တိုင်းကိုပေါင်းပြီး ဟံသာဝတီခရိုင်လို့ သတ်မှတ်ကာ ပျံလွှားအောင်စစ်ဆင်ရေးဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြေညာတိုက်ခိုက်နေတာပါ။
ဒီစစ်ဆင်ရေးက တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံနေရတာရှိပေမယ့် အားနည်းသွားစရာမရှိဘဲ တော်လှန်ရေးတွက် လေ့ကျင့်ထားတဲ့ ရဲဘော်တွေ အများကြီးရှိတဲ့အတွက် ရွှေလက်ပေါင်းများစွာ ထပ်ပေါ်ထွက်လာမှာဖြစ်ပြီး ပြည်သူကသာ အဓိကဖြစ်တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။
စစ်အာဏာရှင်ကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေက တော်လှန်နေကြတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ရဲဘော်တွေ၊ ကျဆုံးခဲ့တဲ့ရဲဘော်တွေက ရွတ်ရွတ်ချွံချွံ ရှေ့တန်းကနေ လုပ်ဆောင်ခဲ့ကြတဲ့အတွက် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်း အားပေးဂုဏ်ပြုပေးကြဖို့ တိုက်တွန်း ပါတယ်။
သူတို့တွေဖြစ်စေချင်တာကို ဆက်ပြီးအကောင်ထည်ဖော်မယ့် ရဲဘော်တွေအများအပြားရှိနေပြီး ဖမ်းဆီးခံခဲ့ရတဲ့သူတွေ၊ သေဆုံးသွားတဲ့သူတွေအတွက် တော်လှန်ရေးအပေါ် အခုထက် ၂ ဆ တိုးပြီး ဆောင်ရွက်သွားမှာလို့လည်း ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက် ဒီနေ့မှာ ရန်ကုန်တိုင်းအတွင်းက ကညနရုံးအပါအဝင် နေရာတချို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ် ပဲခူးမှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနေရာအများအပြားမှာ ဒီနေ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး။
ရန်ကုန်တိုင်းအတွင်းရှိ ဧရိယာ ၇ ခုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ၄၃ ဦးနဲ့ ထောက်ပံ့ကူညီပေးသူ ၈ ဦးကို ဖမ်းမိတယ်လို့ နိုဝင်ဘာ ၁၈ ရက်ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ကြေညာထားပါတယ်။