စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ PDF ရဲဘော်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၁၈ ရက်နေ့ ပြန်လည်ရရှိခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန် ပါတယ်။
ကလေးမြို့နယ်အနောက်တောင်ပိုင်းမှာ တပ်ဖွဲ့ဝင်ဦးရေ ၂၀ ကျော် စခန်းချနေထိုင်တဲ့ PDF (Kalay) တပ်ရင်း ၃ အောက်က တပ်ခွဲတစ်ခုရဲ့ စခန်းတစ်ခုကို နိုဝင်ဘာ ၁၆ ရက် မနက် ၈ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်း သိမ်းပိုက်သွားခဲ့တာလည်း ဖြစ်ပါတယ်။
သိမ်းပိုက်ခံခဲ့ရတဲ့ တပ်ခွဲငယ်စခန်းကို PDF (Kalay) က မနေ့ညနေပိုင်း သွားရောက်ရှင်းလင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့က ညှဉ်းပန်းသတ်ဖြတ်ထားတဲ့ ရဲဘော် ၃ ဦး အလောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒီလို စီးနင်းသိမ်းပိုက်ခံရတဲ့အတွက် စခန်းရှိ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း တပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးသွားခဲ့ပြီး အဖမ်းဆီးခံရသူအများစုဟာ တပ်ရင်း ၃ Medical Team ဆေးတပ် အဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီမှ ၁၂ နာရီအထိ နဂါးပွက်ရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းမှာတော့ PDF (Kalay) တပ်ဖွဲဝင်တွေအနေနဲ့ ဖမ်းဆီးခံဆေးတပ်ဖွဲဝင်တွေအပေါ် ထိခိုက်နိုင်တဲ့ အခြေအနေကြောင့် တပ်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။