အနာဂတ် ဖယ်ဒရယ်ဒီမိုရေစီနိုင်ငံတော်တည်ထောင်ဖို့ အခြေခံမူတွေ ရေးဆွဲတဲ့အခါမှာ ကျား၊ မ ခွဲခြား ဆက်ဆံမှုတွေမရှိစေရေး ထည့်သွင်းရေးဆွဲထားသလို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးဆောင်ရွက်သွားမယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက်က အွန်လိုင်းကနေ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပထမအကြိမ် သတင်းစာရှင်းလင်းပွဲမှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ခေါင်းဆောင်တဦးဖြစ်တဲ့ လွေးပိုးငယ်က ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်မှု အခြေခံမူတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားရာမှာ ထည့်သွင်း ပြောဆိုသွားတာပါ။
“ဒီလိုမျိုးဖယ်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အလုပ်ဆောင်နေတဲ့အခါမှာ အဓိက အချက်ကျတဲ့ အသေးစိတ်အချက်တွေကတော့ ၅၈ ချက်ရှိတာ ပေါ့နော်။ အဲဒီ ၅၈ ချက်ထဲမှာမှ ကျမတို့က လူသားအားလုံးကို အခြေခံ ကျကျထည့်နိုင်ဖို့အတွက် ခွဲခြားဆက်ဆံမှုတွေမရှိအောင်၊ ကျမတို့နိုင်ငံမှာ အမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေကို ပပျောက်နိုင်ဖို့အတွက် ထူးခြားတဲ့မူတွေလည်းရှိပါတယ်။ ဒီအခြေခံမူတွေထဲမှာတော့ ကျမတို့က ဘယ်လောက်ထိ ထည့်သွင်းစဉ်းစားထားလဲဆိုတော့ ခွဲခြားဆက်ဆံမှုတွေ ပပျောက်အောင်၊ အဲဒါတွေကို လုပ်နိုင်ဖို့အတွက်က ဒီလိုခွဲခြားဆက်ဆံမှုတွေကို မရှိအောင် ဒီအချက်တွေ မူတွေကို ထည့်ထားတာဖြစ်ပါတယ်။ ကျား၊ မ တန်းတူရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်၊ အသားအရောင်အရပဲဖြစ်ဖြစ်၊ မသန်စွမ်းမှုပဲဖြစ်ဖြစ်ဘယ်လိုပဲ ဖြစ်ဖြစ် ခွဲခြားဆက်ဆံမှုတွေ မရှိသင့်တော့ဘူး။ ကျမတို့နိုင်ငံမှာ။ အဲဒါမှသာလျှင်ကျမတို့လိုချင်တဲ့ သာယာဝပြောသော နိုင်ငံဖြစ်လာမှာဖြစ်ပါ တယ်။”
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ကြတဲ့အတွက် နိုင်ငံရဲ့အရေးပါတဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေးမူကို လက်ခံ ကျင့်သုံးရမယ်လို့ ပြောပါတယ်။
“ခေတ်အဆက်ဆက်ကြောင့်သော်လည်းကောင်း၊ စနစ်ကြောင့်သော်လည်းကောင်း ၊ လူမှုအသိုင်းအဝိုင်းကြောင့်သော်လည်းကောင်း၊ ဓလေ့ထုံးတမ်းအရသော်လည်းကောင်း၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ များကြီးရှိတယ်။ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေအများကြီး ရှိတဲ့အတွက်ကောင့်မို့ ဒီဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ တန်းတူရေးကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေးမူကိုတော့ လက်ခံကျင့်သုံးမှ ရမယ်။ ဆိုတော့ ကျမတို့ရဲ့ မြန်မာနိုင်ငံ အနာဂတ် ဖယ်ဒရယ်ကြီးကို အကောင်အထည်ဖော်တဲ့အခါမှာ ၊ ပုံဖော်တဲ့အခါမှာ အမျိုးသားတွေ ဦးဆောင်တဲ့နိုင်ငံတော်ကြီးပဲ ဖြစ်တာမျိုး မဖြစ်သင့်ပါဘူး။ အားလုံးသိထားတဲ့အတိုင်းပဲ ကျမတို့နိုင်ငံမှာက လူဦးရေ ထက်ဝက်ကျော်က အမျိုးသမီးတွေရဲ့ကိုယ်စားပြုမှုရှိတယ်။ ဆိုတော့ ဒီအမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုသည် အရမ်းကို အရေးကြီးပါတယ်။ ”
NUCC အနေနဲ့ အနာဂတ် ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ထောင်ဖို့ လမ်းညွှန်အခြေခံမူ ၅ ချချမှတ်ထားပြီး အဲဒီထဲမှာ အချက်ပေါင်း ၆၃ ချက် ဖြည့်စွက်ရေးစွဲထားတယ်လို့ ဆိုပါတယ်။
ဒီအချက်အတွေအပြင် ခွဲခြားဆက်ဆံမှုတွေပျောက်အောင် ကော်မရှင်တွေကို ဖွဲ့စည်းတဲ့အခါမှာလည်း အမျိုးသမီးတွေရဲ့ ရှုထောင်ကနေကြည့်ဖို့လိုသလို ကျားမ တန်းတူရေးလည်း အမြဲတမ်း ထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်းလည်း လွေးပိုးငယ်က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်း ပြောဆိုသွားပါတယ်။