ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ မြသီတာရပ်ကွက်(ဘိုခြံ)က ရာအိမ်မှူးဒေါ်အောင်နန္ဒာဝင်းဟာ နိုဝင်ဘာ ၁၅ ရက်က သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရသွားပြီး ဒီနေ့မှာတော့ တာဝန်ကနေ နုတ်ထွက်စာတင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရာအိမ်မှူးဒေါ်အောင်နန္ဒာဝင်း (ခ) ပူစူးမဟာ မနေ့က အမည်မသိ သေနတ်သမားရဲ့ သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခံရပြီး အသက်မသေဘဲ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပါတယ်။
အဲဒီလို ပစ်ခတ်ခံရပြီးတဲ့နောက် မိသားစုအရေးနဲ့ ကျန်းမာရေးကြောင့်လို့ဆိုပြီး တာဝန်ကနေ နုတ်ထွက်သွားတာပါ။ ဒါ့အပြင် သူ တာဝန်ထမ်းဆောင်တဲ့ ကာလတလျှောက်မှာ အများထိခိုက်စေတဲ့ ဘယ်အလုပ်မှ မလုပ်ခဲ့ဘူးလို့လည်း အသိပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေါ်အောင်နန္ဒာဝင်းကို မနေ့က ဘယ်အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
စစ်တပ်နယ်မြေဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်မှာ အောက်တိုဘာလအတွင်း ရပ်ကျေး အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားသူတွေ ဆက်တိုက်နုတ်ထွက်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် မင်္ဂလာဒုံမြို့နယ်တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီဒေါက်တိုင်တွေကို ပစ်ခတ်ဖောက်ခွဲမှု ခပ်စိပ်စိပ်ပြုလုပ်ပါတယ်။