Home
ဆောင်းပါး
ဘာကြောင့် လက်နက်ကိုင် ခုခံကြသလဲ
DVB
·
November 15, 2021
Article

စစ်တပ်က မတရားအာဏာလုယူပြီးကတည်းက တပြည်လုံးကို မြင်မကောင်းအောင် အကြမ်းဖက်နေတာ ကမ္ဘာသိပါပဲ။ ဘယ်သူ အကြမ်းဖက်နေသလဲဆိုတာ ကလေးလည်းသိ၊ ဒေတာတွေလည်း လတ်လတ်ဆတ်ဆတ် ရှိကြပါတယ်။ ဒီနေ့ခေတ် ဘယ်လောက်ပဲ ဗြောင်လိမ်လိမ် ကျူးလွန်မှုလုပ်ရပ်တွေက တကမ္ဘာလုံး ပြန့်နေတာပါ။

စကစက CRPH နဲ့ NUG ကို အကြမ်းဖက်အဖွဲ့အစည်းတွေလို့ ကြေညာထားတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အကြမ်းဖက်တွေလို့ အထပ်ထပ်စွပ်စွဲပြောဆိုမှု ဝါဒဖြန့်မှုတွေ ထိုးစစ်တခုလို လုပ်နေတယ်။ မတရားအဖမ်းခံရသူတွေကို အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ်၊ အမှုပေါင်းစုံ လုပ်ကြံစီရင်ချက်ချ၊ တချို့ကို သတ်ပစ်။ တပ်က လုပ်နေကျအတိုင်း ရွာတွေထဲဝင်၊ လုယက်၊ မုဒိမ်းကျင့်၊ မီးရှို့။ နေ့စဉ်ရက်ဆက် မိုက်ကန်းစွာ အကြမ်းဖက်နေတာ တတိုင်းပြည်လုံး စိတ်မချမ်းမြေ့ဖွယ် ငရဲတမျှပါပဲ။ 

အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ ‘လူမဆန်စွာ ယုတ်၊ လိမ်သာလိမ်၊ ဗြောင်သာညစ်’ ဆိုတဲ့ သူတို့မူအတိုင်းပါပဲ။ အာဆီယံရဲ့ အကြမ်းဖက်မှုရပ်စဲရေး အပါအဝင် သဘောတူညီချက် ၅ ချက်ကို စကစက လိုက်နာနေပါလျက်နဲ့ CRPH, NUG, PDF တွေကြောင့် တိုင်းပြည်မှာ အကြမ်းဖက်မှုတွေ ပိုဆိုးလာနေရတယ်လို့ နိုင်ငံတကာကို ဆင်ခြေပေးတယ်၊ ပြည်သူကို မှိုင်းတိုက်တယ်။ အရူးပါးက အရူးကွက်တွေ နင်းနေတာ လူတကာ သိပြီးသားပါ။ 

ဆိုးနေတာ တခုက တပ်နဲ့ အကျိုးစီးပွားတူအုပ်စုတွေ၊ ခေတ်ပျက်မှာ အခွင့်အရေးယူ အမြတ်ထုတ်နေသူတွေ၊ ပညာယှိမောင်ဘမောင်တွေက မအလနဲ့ ဇော်မဲလုံးတို့အတိုင်း တလေသံတည်း ပြောလာတာပါ။

ပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားတောင်းဆိုမှုနဲ့ အာဏာရှင်စနစ် မလိုလားမှုကို လူထု အကြမ်းဖက်ဝါဒလို့ ခေါင်းစဉ်တွေတပ်၊ မျိုးစုံ စွပ်စွဲပုတ်ခတ်။ သူတို့ဘာသာ လိပ်ပြာမလုံတဲ့အခါ PDF လူငယ်တွေကပဲ သူတို့ကို လုပ်ကြံမယ့်အကြောင်း သံရုံးတွေကို စာပို့၊ နာမည်ဖျက်ပြန်တယ်။ ရှင်းရှင်းပြောရရင် သူတို့ ဘာကောင်ကြီးဖြစ်ဖြစ်၊ ဘာကြီးတွေပြောနေနေ တပ်ကို လူရာသွင်းပေးမှ သူတို့အနာဂတ်ရှိမှာမို့ မရှက်မကြောက် ပြည်သူကို ချနင်းလာတာ ပြည်သူ့အနာဂတ်ကို ဖျက်ဆီးလာတာပါပဲ။

အဲဒီတော့ စစ်တပ်ကို ဘာကြောင့် လက်နက်ကိုင်ခုခံနေကြသလဲ၊ မြန်မာမှာ ဘာကြောင့် လက်နက်ကိုင်အဖွဲ့တွေ ပေါ်ထွန်းနေရသလဲဆိုတာ အနည်းငယ် ပြောချင်ပါတယ်။

အခု မြို့ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၅၀ လောက်မှာ လက်နက်ကိုင်အဖွဲ့တွေ ရှိနေတယ်လို့ လေ့လာသုံးသပ်တဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ NCA ဆွေးနွေးပွဲ တက်တာနဲ့ BGF လုပ်ထားတာ ပေါင်းရင် အဖွဲ့ ၄၀ လောက်ရှိမယ်။ အခု PDF တွေ ပြောက်ကျားတွေနဲ့ ပေါင်းရင် ၃၀၀ လောက် ရှိမယ်။ စစ်တပ်ဘက်ကလည်း မြို့တိုင်းနီးပါးမှာ ပြည်သူ့စစ်တွေနဲ့ ပျူစောထီးတွေကို လက်နက်ချပေးထားတယ်။ တတိုင်းပြည်လုံးမှာ လက်နက်ကိုင်အဖွဲ့တွေ ထောင်ကျော်တယ်လို့လည်း တချို့က ပြောတယ်။ 

အမှန်စင်စစ် နိုင်ငံတနိုင်ငံမှာ အဓိက တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းက စစ်တပ်နဲ့ ရဲဌာနပဲ ရှိရပါမယ်။ စစ်တပ်နဲ့ ရဲဌာနတို့ဟာ နိုင်ငံတော်ယန္တရားတွေဖြစ်ပြီး တက်လာတဲ့ အစိုးရတရပ်က အဲဒီနှစ်ခုကို ‘တရားဝင်စွာ’ အသုံးပြုရပါတယ်။ တက်လာတဲ့ အစိုးရကလည်း တရားဝင် မဟုတ်ဘူး၊ အဲဒီယန္တရားတွေကို ပြည်သူကို ဖိနှိပ်ဖို့ အလွဲသုံးပြီဆိုရင် (လွှတ်တော်ရဲ့ ခွင့်ပြုချက်မယူဘဲ တရားမဝင် အသုံးပြုတယ်ဆိုရင်)၊ အဖိနှိပ်ခံရတဲ့ နေရာတိုင်းမှာ လက်နက်ကိုင် ခုခံမယ့် အဖွဲ့အစည်းတွေ ပေါ်ထွက်လာမြဲ ဖြစ်တယ်။ ဒါက နိုင်ငံရေးသိပ္ပံပညာရှင်တိုင်း ကိုးကားတဲ့ ဂျာမန်လူမှုဗေဒပညာရှင် မက်စ်ဝေဘာရဲ့ ‘နိုင်ငံ’ ဆိုတဲ့ ဖွင့်ဆိုချက်ကနေ ထပ်မံကိုးကားပြောရတာ ဖြစ်ပါတယ်။ 

သူ ပြောတာက “နိုင်ငံဆိုတာ သတ်မှတ်ထားတဲ့ နယ်မြေနဲ့ ပြည်သူများအကြား ငြိမ်းချမ်းစေရေးနဲ့ ဥပဒေသက်ရောက်ရေးအတွက် တရားဝင်အင်အားကျင့်သုံးခွင့်ရှိသော ဗဟိုအာဏာပိုင်အဖွဲ့” (A State is a central authority that can exercise a monopoly of legitimate coercion over a defined territory and its population, to keep peace and enforce the law.) လို့ ဆိုထားတယ်။

အရေးကြီးတဲ့စကားရပ်က တရားဝင်အင်အားကျင့်သုံးခွင့် (exercise a monopoly of legitimate coercion) ဆိုတာပါ။

အင်အားဆိုတာ စစ်တပ်နဲ့ ရဲအဖွဲ့တို့ ဖြစ်ပြီး အဲဒီနှစ်ခုကို တရားဝင်အစိုးရတခုကသာ အာဏာနဲ့ ကျင့်သုံးပိုင်ခွင့် ရှိပါတယ်။ အဲဒီ အင်အားနှစ်ခုကို တရားမဝင်အလွဲသုံးပြီဆိုတာနဲ့ အခြား လက်နက်ကိုင်အဖွဲ့အစည်းတွေ မှိုလိုပေါက်လာမြဲပါပဲ။ 

ဒီသီအိုရီအတိုင်း အတိအကျပါပဲ။

၁၉၆၂၊ ၁၉၈၈၊ ၂၀၂၁ တို့မှာ တရားမဝင်အာဏာသိမ်းအစိုးရတွေက တပ်နဲ့ ရဲကို တရားမဝင် အသုံးပြုပြီး အကြမ်းဖက်မှုတွေ မဟားတရားလုပ်ခဲ့လို့ မြန်မာနိုင်ငံတဝန်း အဖိနှိပ်ခံရတဲ့ နေရာတိုင်းမှာ လက်နက်ကိုင်ခုခံတဲ့အဖွဲ့တွေ ပေါ်ထွက်လာရတာ ဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဘာကြောင့် လက်နက်ကိုင်လဲ မေးကြည့်၊ စစ်တပ်ရဲ့ အကြမ်းဖက် အမြစ်ပြတ်ချေမှုန်းမှုကို ကာကွယ်ဖို့နဲ့ မိမိလူမျိုးစု ရှင်သန်ရပ်တည်ဖို့ လက်နက်ကိုင်ရတယ် ဆိုတာသာ အဓိကအဖြေပါပဲ။ အခု ပီဒီအက်ဖ်တွေ မြို့တိုင်း၊ ရွာတိုင်း အချိန်တိုအတွင်း ပေါ်လာတာလည်း ဒီအတိုင်းပါပဲ။ 

ဖေဖော်ဝါရီမှာ အာဏာသိမ်းတာကို တောရော မြို့ပါ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ တရားမဝင် စစ်ကောင်စီက စစ်တပ်နဲ့ ရဲကို မတရားအသုံးပြုပြီး လူမဆန်စွာ အကြမ်းဖက်၊ လုယက်၊ အရှင်လတ်လတ် သတ်ဖြတ်၊ ဈေးတွေ ရွာတွေ မီးရှို့လာတဲ့နောက်၊ ပြည်သူက ကိုယ့်မြို့ ကိုယ့်ရွာကို နည်းမျိုးစုံနဲ့ ခုခံကာကွယ်ကြရင်း နောက်ဆုံး မဖြစ်မနေ ရရာလက်နက် ရှာဖွေကိုင်စွဲကြရတာပါပဲ။ 

အဲဒီတော့ ဘယ်သူက အကြမ်းဖက်နေသလဲ၊ ဘာကြောင့် လက်နက်ကိုင် ခုခံမှုတွေ မြို့တိုင်း ရွာတိုင်း ထွက်ပေါ်လာရသလဲဆိုတာ အလွန်ရှင်းလင်းတဲ့ ကိစ္စပါပဲ။ ပညာရှင်ကြီးဖြစ်မှ မဟုတ်ဘူး၊ မရူးမနှမ်း သာမန်လူ့အသိစိတ် (common sense) ရှိသူတိုင်း မြင်သာနေတဲ့ အချက်ပါပဲ။ 

ဒီနေရာမှာ နိုင်ငံလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွေကို ကိုယ်စီဦးဆောင်ခဲ့ကြတဲ့ အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီနဲ့ တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား တို့ရဲ့ လက်နက်ကိုင် ခုခံတွန်းလှန်မှုအပေါ် ထားတဲ့ သဘောထားအမြင်ကို တင်ပြချင်ပါတယ်။ 

နှစ်ဦးစလုံးကို အကြမ်းမဖက် လှုပ်ရှားမှု စံပြုပုဂ္ဂိုလ်တွေအဖြစ် တကမ္ဘာလုံး သိထားတယ်။ သို့သော် နှစ်ဦးလုံးက မဖြစ်မနေ လက်နက်စွဲကိုင်ရတဲ့ အခြေအနေတွေရှိမှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ် အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ နှစ် (၁၃၀) ပြည့်အထိမ်းအမှတ် တိုင်းမ်မဂ္ဂဇင်း စာစောင်မှာ နယ်လ်ဆင်မင်ဒဲလားက အောက်ပါအတိုင်း ရေးထားတယ်—

“ဂန္ဒီဟာ အကြမ်းမဖက်လမ်းစဉ်အတွက် ကတိကဝတ်ပြု ဗျာဒိတ်ရထားသူပါ။ ကျွန်တော်လည်း ဂန္ဒီရဲ့ မဟာဗျူဟာအတိုင်း တတ်နိုင်သမျှ လိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ၊ ဖိနှိပ်သူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခုခံဖို့ အကြမ်းမဖက် လမ်းစဉ်တခုတည်းနဲ့ မဖြစ်နိုင်တော့တဲ့ အမှတ်ပွိုင့်ဆီ ရောက်လာပါတယ်။ ဒီနောက် ကျွန်တော်တို့ ANC ပါတီဟာ  ‘uMkhonto we Sizwe (MK)’ လို့ အမည်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့ကို ပူးတွဲထူထောင်လိုက်ရတယ်။ တော်လှန်ရေးအတွက် နောက်ထပ် လက်နက်ကိုင်အဖွဲ့ငယ် ၂၀ ကိုပါ ထပ်ပေါင်းထားရတယ်။ ဒါပေမဲ့ အသက်ဆုံးရှုံးစေမှုတွေ ရှောင်ရှားပြီး အဖျက်အမှောင့် လုပ်ငန်းတွေပဲ ရွေးချယ်လုပ်ခဲ့တယ်။ အကြောင်းက ရှေ့အနာဂတ်မှာ လူဖြူ-လူမည်း ဆက်ဆံရေးရဖို့ အကောင်းဆုံးမျှော်လင့်ချက်အတွက်ပါ… 

စစ်ရေး လုပ်ဆောင်မှုတွေကို အာဖရိကညီညွတ်ရေးအဖွဲ့ (O.A.U) က အာဖရိကအာဂျင်ဒါရဲ့ တစိတ်တပိုင်းအဖြစ် တရားဝင် ကူညီပံ့ပိုးပေးပါတယ်။ ၁၉၆၂ မှာ အရှေ့အာဖရိကနဲ့ ဗဟိုအာဖရိက လွတ်မြောက်လှုပ်ရှားမှုအဖွဲ့ (PAFMECA) ကို ကျွန်တော် မိန့်ခွန်းပြောရာမှာ ‘လက်နက် အင်အားသည်သာ မတရားအနိုင်ကျင့်ဖိနှိပ်သူတွေ ကြားနိုင်တဲ့ ဘာသာစကား ဖြစ်တယ်၊ အကြမ်းဖက်မှု အမျိုးအစားမပါဘဲနဲ့ ဘယ်နိုင်ငံမှ လွတ်လပ်မှုမရနိုင်ဘူး” လို့ ထည့်ပြောခဲ့ပါတယ်။

ဂန္ဒီကိုယ်တိုင်လည်း  လက်နက်ကိုင်ခုခံတော်လှန်မှုကို လုံးလုံးလျားလျား ပစ်ပယ်တာမဟုတ်ပါဘူး။ တချို့သော အခြေအနေတွေမှာ မဖြစ်မနေ လက်နက်ကိုင်ရတာကို သူ လက်ခံပါတယ်။ ဂန္ဒီ ပြောတာက— 

“သူရဲဘောကြောင်မှုနဲ့ လက်နက်ကိုင်ခုခံတော်လှန်မှု အဲဒီနှစ်ခုကြား ရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ လက်နက်ကိုင်ခုခံမှုကိုပဲ ကျွန်ုပ် ရွေးချယ်ပါမည်။ ဂုဏ်သိက္ခာမရှိ သူရဲဘောကြောင်စွာ နေရတာထက် ဂုဏ်သိက္ခာရှိရှိ လက်နက်ကိုင်မှုလမ်းကို ‌ရွေးဖို့ပဲ ကျွန်ုပ် အကြံပြုပါလိမ့်မည်။

(Where choice is set between cowardice and violence, I would advise violence... I prefer to use arms in defense of honor rather than remain the vile witness of dishonor.)..” 

ဒီတော့ လက်နက်ကိုင်တော်လှန်မှုနဲ့ အကြမ်းမဖက်လှုပ်ရှားမှုတို့ဟာ တခုကိုတခု အပြန်အလှန် ဖယ်ထုတ်ပစ်ရမှာ မဟုတ်ဘူး။ လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ အဲဒီနှစ်ခုအနက် တခုမဟုတ် တခုက အဓိကလွှမ်းမိုးမှု ရှိနေမှာပါပဲ…” 

မင်ဒဲလား ပြောတာကို သဘောကျလို့ ထပ်ပြောချင်ပါတယ်။  

၁။ လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ ဖိနှိပ်သူတွေရဲ့ ရက်စက်တဲ့ အကြမ်းဖက်မှုတွေကို ခုခံဖို့ အကြမ်းမဖက်လမ်းစဉ် တခုတည်းနဲ့ မဖြစ်နိုင်တော့တဲ့ အမှတ်ပွိုင့်ဆီ ရောက်လာတဲ့အခါ လက်နက်ကိုင်လမ်းစဉ် ထူထောင်လိုက်ရတယ်။ တောင်အဖရိကတော့ လူဖြူ-လူမည်း ရန်-ငါစည်း သိသာထင်ရှားတဲ့အတွက် လူသတ်မှု တတ်နိုင်သမျှ ရှောင်ရှားပြီး လူဖြူ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတယ်။ (မြန်မာမှာက ပိုရှုပ်ထွေးလို့ အသက်ဆုံးရှုံးမှုတွေ ရောပြွမ်းနေမှာပဲ)။ 

၂။ လက်နက်အင်အားသည်သာ မတရားအနိုင်ကျင့်ဖိနှိပ်သူတွေ ကြားသိနိုင်တဲ့ ဘာသာစကား ဖြစ်တယ်၊ အကြမ်းဖက်မှုအမျိုးအစား မပါဘဲနဲ့ ဘယ်နိုင်ငံမှ လွတ်လပ်မှုမရနိုင်ဘူး။

၃။ လက်နက်ကိုင်တော်လှန်မှုနဲ့ အကြမ်းမဖက်လှုပ်ရှားမှုတို့ဟာ တခုကိုတခု အပြန်အလှန် ဖယ်ထုတ်ပစ်ရမှာ မဟုတ်ဘူး။ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေမှာ အဲဒီနှစ်ခုအနက် တခုမဟုတ် တခုက အဓိကလွှမ်းမိုး ဦးဆောင်နေမှာပါပဲ။

အကြမ်းမဖက်လှုပ်ရှားမှု ဖခင်ကြီး မဟတ္တမဂန္ဒီ ပြောတာက—  “သူရဲဘောကြောင်မှုနဲ့ လက်နက်ကိုင်ခုခံတော်လှန်မှု အဲဒီနှစ်ခုကြား မဖြစ်မနေ ရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ လက်နက်ကိုင်ခုခံမှုကိုပဲ ကျွန်ုပ် ရွေးချယ်ပါမည်။ ဂုဏ်သိက္ခာမရှိ သူရဲဘောကြောင်စွာ နေရတာထက် ဂုဏ်သိက္ခာရှိရှိ လက်နက်ကိုင်မှုလမ်းကို ‌ရွေးဖို့ပဲ ကျွန်ုပ် အကြံပြုပါလိမ့်မည်….”

နိဂုံး

ဒီတော့ လက်နက်ကိုင် ခုခံပုန်ကန်မှုတွေ တိုင်းပြည်မှာ ဘယ်လို လျော့ကျအောင် လုပ်မလဲ။ ရှင်းရှင်းလေးပါပဲ။ လက်ရှိ စစ်တပ်က အကြမ်းဖက်မှုတွေ ချက်ချင်းရပ် ပြည်သူ့အာဏာ ပြည်သူ့အစိုးရဆီ ပြန်လွှဲအပ်လိုက်ဖို့ပါပဲ။ လက်နက်ကိုင်အဖွဲ့ပေါင်းများစွာနဲ့ ဗွက်ပေါက်ခဲ့တဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်အာဖရိကတို့ဟာ ဒီလိုနည်းနဲ့ပဲ တည်ငြိမ်တဲ့ ဒီမိုကရေစီ ရရှိခဲ့တယ်။ လက်နက်ကိုင်အဖွဲ့ပေါင်းစုံဟာလည်း တဖြည်းဖြည်း တရားဝင်ပါတီတွေ ဖြစ်လာခဲ့ပါတယ်။ 

ရဲမြင့်ကျော်

ရည်ညွှန်း- The Sacred Warrior By Nelson Mandela; Time magazine, Dec. 31, 1999

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024