စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ထုတ်ဖို့အတွက် မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၁ တို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ သထုံပြည်သူ့ပြောက်ကျားများအဖွဲ့(TPG)၊ သုဝဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TWPDF)၊ ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-သထုံခရိုင်(PPDF)နဲ့ KNU-KNLA တပ်မဟာ ၁ တို့ဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။
ဒေသခံ PDF တွေနဲ့ ပူးပေါင်းမှုဟာ စစ်အာဏာရှင် ကျဆုံးရေးအတွက် ဦးတည်ချက် ၊ ရည်မှန်းချက် တူတဲ့အတွက်ကြောင့် ပေါင်းစည်းရတာလို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင် အမြစ်ပြုတ်တဲ့အထိ ဒေသခံ PDF တွေ ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်အင်အားတိုးချဲ့တာနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုမို ပြုလုပ်လာတဲ့အတွက်ကြောင့် KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၁ တပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၉၅ ဦးသေဆုံးခဲ့ပြီး ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KNU တပ်မဟာ ၁ က ထုတ်ပြန်ထားပါတယ်။