Home
မြန်မာသတင်း
ပါမောက္ခရှောင်တားနဲလ်ကို စွဲဆိုထားသည့်အမှု စတင် ကြားနာမည်
DVB
·
November 11, 2021
492640-ststst-730x365-1

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနဲလ်ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အမှု ၂ ခုထဲက နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအမှုကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ စတင်ကြားနာဖို့ တရားရုံးက နိုဝင်ဘာ ၁၁ နေ့ ဒီနေ့ ရုံးချိန်းမှာ ဆုံးဖြတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက  စုံစမ်းသိရှိရပါတယ်။ 

ဩစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တားနဲလ်ကို စစ်ကောင်စီက အာဏာသိမ်းပြီးရက်ပိုင်းအတွင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ တရားစွဲခဲ့တာပါ။

ဒီနေ့ နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ ရုံးချိန်းခေါ်ဆိုပြီး မှုခင်းအတွက် စီမံခန့်ခွဲခဲ့တာပါ။ ပါမောက္ခရှောင်တားနဲလ်ကိုစွဲဆိုထားတဲ့ လျှို့ဝှက်ချက်ဉပဒေပုဒ်မအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်းနဲ့ ဦးဆက်ပိုင်တို့ကိုလည်း စစ်ကောင်စီက ပူးတွဲတရားစွဲထားတာပါ။

ဒီနေ့ရုံးချိန်းကို တက်ရောက်လာတဲ့ စွပ်စွဲခံရသူ ၅ ဦးလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ ရုံးချိန်းမတိုင်ခင် စွပ်စွဲခံရသူတွေနဲ့ ရှေ့နေအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပြီး ခုခံကာကွယ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

ပါမောက္ခရှောင်တားနဲလ်ရဲ့အမှုတွေကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်ကိုလွှဲပြောင်းခဲ့တာဖြစ်ပါတယ်။ 

ပါမောက္ခရှောင်တားနဲလ်ကို စစ်ကောင်စီက စတင်ဖမ်းဆီးခဲ့တုန်းက အင်းစိန်ထောင်မှာ ထိန်းသိမ်းခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ကူးစက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီက အတည်ပြုချက်မထုတ်ပြန်ခဲ့ပါဘူး။

ပါမောက္ခရှောင်တားနဲလ်ကို နောက်ထပ်စွဲဆိုထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအမှုကတော့ အာဏာသိမ်းပြီးချိန်မှာ ဥပဒေမဲ့ ထွက်ပြေးဖို့ကြိုးစားတာကြောင့် စွဲဆိုတာလို့ စစ်ကောင်စီက အကြောင်းပြထားပါတယ်။ 

ပါမောက္ခရှောင်တားနဲလ်ကိုစွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်ပြီး ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ရှောင်တားနဲလ်ဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ်ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရဖွယ်ရှိနေပါတယ်။

သူ့ကို ပြန်လွှတ်ပေးဖို့ သြစတြေးလျအစိုးရက တောင်းဆိုထားပေမယ့် စစ်ကောင်စီက ဆက်လက်ဖမ်းဆီးတရားစွဲဆိုနေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024