ပဲခူးတိုင်း၊ သာယာဝတီမြို့၊ သာယာဝတီဘူတာအနီးက ရွှေဆယ်ဝတီဂေါက်ကလပ်မှာ နိုဝင်ဘာ ၉ ရက် နေ့ ညနေ ၅ နာရီဝန်းကျင်က ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အနီးဝန်းကျင်နေထိုင်သူတဦးက “ဂေါက်ကွင်းထဲက T ခုံ နံပါတ် ၆ နားက နားနေဆောင်မှာ ပေါက်တာတဲ့။ ဗုံးပေါက်ပြီး နားနေဆောင်တခြမ်း မီးလောင်သွားတယ်လို့တော့ ကြားတယ်။ ကျနော်တို့ ဝင်ကြည့်လို့မရဘူး။ လူထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
သာယာဝတီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက နေ့စဉ် နေ့ရောညပါ လက်နက်ကိုင် ကင်းလှည့်နေတဲ့ကြားက အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“ယခုရက်ပိုင်း ပျူစောထီးတွေ ပြည်သူ့စစ်သင်တန်းဆင်းပြီး ရှေ့တန်းထွက်ရမှာတဲ့။ ရှေ့တန်း မထွက်ချင်လို့ သူတို့ ပျူစောထီးတွေပဲ ဗုံးခွဲတာလို့ ကြားတယ်။ ဂေါက်ကွင်းထဲက သူတို့အရာရှိ တွေပဲ အဝင်အထွက်များတယ်။ အရပ်သား အဝင်အထွက်မရှိသလောက်ပဲ” လို့ ဒေသခံတဦးက မှတ်ချက်ပြုပြောပါတယ်။
ပေါင်းတည်မြို့က စိုက်ဘဏ်ရုံးမှာလည်း နိုဝင်ဘာ ၉ ရက် နေ့ ညနေ ၆ နာရီခွဲဝန်းကျင်က ဗုံး ၁ လုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုတွေကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန် ကြေညာထားခြင်းမျိုး မရှိပါဘူး။