ထိုင်းရိုးရာ လွိုင်ကထုံတန်ဆောင်တိုင်မီးမျှောပွဲတော်မှာ မီးရှူးမီးပန်းပစ် ဖောက်တာ၊ အရက်သေစာ သောက်စားတာမျိုးတွေကို တားမြစ်ထားပြီး ဖောက်ဖျက်ပါက ထောင် ၃ လ ထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ သိရပါတယ်။
ဘန်ကောက်မြို့တော်ဝန် အက်စ်ဝင် ကွမ်မောင်က “(ပွဲတော်မှာ)မီးရှူးမီးပန်း အမျိုးမျိုး ရောင်းချတာ၊ ဒါမှမဟုတ် အသုံးပြုတာတွေကိုလည်း တားမြစ်ထားပါတယ်။ ဖောက်ဖျက် ကျူးလွန်သူတွေဟာ ထောင်ဒဏ် ၃ လအထိနဲ့ ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၆ ထောင်အထိ ချမှတ်ခံရနိုင်ပါတယ်”လို့ ပြောပါတယ်။
နှစ်စဉ်ကျင်းပနေကျ ဒီပွဲတော်ကိုတော့ အခုနှစ်မှာ ဘေးကင်းရေးနဲ့ ဂေဟစနစ် သဟဇာ တဖြစ်မှုတွေအပေါ် အလေးထားဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြို့တော်ဝန်က ဆိုပါ တယ်။
လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ ကျင်းပမယ့် ဒီပွဲတော်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဘန်ကောက်မှာတော့ အဓိက နေရာ ၂ ခုခွဲ ကျင်းပသွားမှာဖြစ်ပြီး လုံခြုံရေးဝန်ထမ်းတွေ ကလည်း မြို့တော်အနှံ့ ဖြန့်ကျက်ချထားမယ်လို့ ဆိုပါတယ်။
မီးရှူးမီးပန်းတွေ၊ မိုးပျံမီးပုံးတွေ ရောင်းချတာတွေကို တားမြစ်ထားပြီး စွန့်ပစ်ပစ္စည်းတွေ လျှော့ချဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူဖြစ်စေဖို့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်အသုံးပြုဖို့လည်း မြို့တော်ဝန်က တိုက်တွန်းပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့လည်း မီးရှူးမီးပန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ ညွှန်ကြားထားပြီး သက်ဆိုင်ရာ နယ်မြေအလိုက် အာဏာပိုင်တွေ ခွင့်ပြုချက်တစုံတရာ မရရှိပဲ ရောင်းချ၊ လွှတ်တင်၊ ပစ်ဖောက်တာမျိုးတွေ မလုပ်ကြဖို့လည်း တားမြစ်ထားပါတယ်။