စစ်ကိုင်းတိုင်း ပုလဲမြို့နယ် NLD လွှတ်တော်အမတ်ဟောင်း ဦးဇော်ထက်ရဲ့ မိသားစုပိုင်နေအိမ်နဲ့ ဆိုင်ကယ်ဆိုင်ပစ္စည်းဆိုင်ကို စစ်ကောင်စီက ၂ ကြိမ်တိုင် ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးဇော်ထက်ရဲ့ မိသားစုပိုင် ဇော်ဦးနောင် ဆိုင်ကယ်ပစ္စည်းဆိုင်ကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၃ နာရီခွဲမှာ တစ်ကြိမ်၊ နိုဝင်ဘာ ၅ ရက်နေ့မနက်ခင်း တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေဖျက်ဆီးသွားတာလို့ ဆိုပါတယ်။
ဖျက်ဆီးခံရတဲ့ ဆိုင်ကယ်ပစ္စည်းဆိုင်ဟာ သူတဦးတယောက်တည်းပိုင်မဟုတ်ဘဲ မိသားစု အားလုံး ပိုင်ဆိုင်တာလို့ တိမ်းရှောင်နေတဲ့ ဦးဇော်ထက်က ပြောပါတယ်။
“ကျနော်တို့ မိသားစုက ဒီကောင်တွေအကျင့်ကို သိလို့ ဘေးလွတ်ရာကို ရှောင်နေတာကြာပြီ။ ဒီကောင်တွေ ဘာလုပ်လုပ်၊ မလုပ်လုပ် NLD ပါတီကဆို အခုလိုလုပ်နေကြဗျ၊ နောက်လည်း လာဦးမယ်။ ပြည်သူပိုင်သိမ်းတာတို့၊ ဘာတိုဆိုပြီး အိမ်ကို စာလာချိတ်ဦးမယ်ဆိုတာ ကြိုသိပြီးသားပဲ။ လုပ်လည်း ဒါက ကျနော်တယောက်တည်း ပိုင်တဲ့ ပိုင်ဆိုင်မှု မဟုတ်ဘူးဗျ။ မိသားစု အကုန်ပိုင်ဆိုင်တာ။”
စစ်ကောင်စီက ဦးဇော်ထက် ရဲ့ မိသားစုပိုင်နေအိမ်ကိုလည်း သေနတ် ၁၅ ချက်လောက် ပစ်ဖောက် ဝင်ရောက်ကာ CCTV တွေ ဖျက်ဆီးပြီး အိမ်ခန်း ဗီရိုတွေဖွင့်ပြီး အင်ဂျင်ဝိုင်ဘူးတွေကအစ ပစ္စည်းအတော်များများ ယူဆောင်သွားကြတယ်လို့ မင်တိုင်ပင်ရွာက မျက်မြင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဦးဇော်ထက်ဟာ ပုလဲမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံ NLD လွှတ်တော်အမတ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။