ဧရာဝတီတိုင်း ၊ ကျုံပျော်မြို့နယ် အင်းရဲလမ်းဆုံစစ်ဆေးရေးဂိတ်မှာ နို၀င်ဘာ ၄ ရက် ဒီနေ့မနက် ၈ နာရီ ၁၅ မိနစ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျုံပျော် - အင်းရဲ လမ်းဆုံမှာရှိတဲ့ ဒေသခံတွေကို ဆက်ကြေးကောက်ခံတာတွေပြုလုပ်နေတဲ့ ရဲကင်းစစ်ဆေးရေးဂိတ်ကို မနက် ၈ နာရီခွဲလောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက DVB ကိုပြောပါတယ်။
“ မနက်က ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ အဲ့ဂိတ်က ဒေသခံပြည်သူတွေကို ဖိနှိပ်ပြီး ဆက်ကြေးတောင်းတာတွေ ဖမ်းတာတွေပြုလုပ်နေလို့ တိုက်ခိုက်တာပါ နောက်လည်း စစ်အုပ်စုနဲ့သက်ဆိုင်တဲ့နေရာတွေကို ဆက်လက် တိုက်ခိုက်သွားမှာပါ”လို့ ပုသိမ်ခရိုင်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
မနက်ပိုင်းက ကျုံပျော်မြို့နယ်က ရဲစစ်ဆေးရေးဂိတ်ကို ပုသိမ်ခရိုင်ပြောက်ကျားတပ်ဖွဲ့နဲ့ ကျုံပျော်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ စစ်အုပ်စုတပ်သားတွေရောက်လာပြီး ပတ်ဝန်းကျင်ကို ဆဲဆိုကာ ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့လို့ ဒဏ်ရာ ရရှိမှု ရှိ မရှိကိုတော့ အတည်ကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖိနှိပ်ခြင်းကို နေစဉ်နဲ့အမျှ ခံနေရပြီး မတရားဖမ်းဆီးတာတွေလည်း မကြာမဏ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျုံပျော်မြို့ဟာ ခုခံတော်လှန်စစ်ကို ဧရာဝတီတိုင်းမှာ ပထမဆုံးလက်နက်စွဲကိုင်တော်လှန်တဲ့ မြို့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုနဲ့သက်ဆိုင်တဲ့ နေရာတွေကို ဗုံးခွဲတိုက်ခိုက်တာ ၁၀ ကြိမ်နီးပါရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
ဧရာ၀တီတိုင်းမှာ စက်တင်ဘာ ၇ ရက်ကနေ နို၀င်ဘာ ၃ ရက်အထိ မြို့ပြ ပြောက်ကျားတွေက စီးပွားရေးပစ်မှတ်၊ စစ်ရေးပစ်မှတ်နဲ့ အုပ်ချုပ်ရေးပစ်မှတ်ပေါင်း ၆၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။