သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း ဒုတိယနှစ်သင်တန်းတွေကို နိုဝင်ဘာ ၁ ရက်နေ့ ပြန်လည်ဖွင့်လှစ်မယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာပါတယ်။
နိုင်ငံတဝန်း အစိုးရနည်းပညာ အထက်တန်းကျောင်းတွေဖြစ်တဲ့ မြစ်ကြီးနား၊ လွှိုင်ကော်၊ ဘားအံ၊ မင်းတပ်၊ တီးတိန်၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ ပင်းပက်၊ ရွာမ၊ လက်ခုပ်ကုန်း၊ ကျောက်ဆည်၊ မြင်းခြံ၊ မန္တလေး၊ နေပြည်တော်၊ ခန္တီး၊ ကလေး၊ မုံရွာ၊ ချောင်းဦး၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း တို့မှာ ဒုတိယနှစ် သင်တန်းတွေကို ပြန်ဖွင့် လှစ်မှာဖြစ်ပါတယ်။
အလားတူ အခြေပံပညာစာသင်ကျောင်းတွေကိုလည်း ပြည်နယ်နဲ့တိုင်း ၉ ခုက မြို့နယ်တချို့ကလွဲပြီး နိုင်ငံတဝန်း ကျန်ပြည်နယ်နဲ့ တိုင်းတွေအားလုံးမှာ နိုဝင်ဘာ ၁ ရက်ကစပြီး ဖွင့်တော့မယ်လို့ စစ်ကောင်စီကကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေဆက်လက်ရှိနေသလို စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် စာသင်ကျောင်းတွေ ပြန်ဖွင့်မယ့် အပေါ် ကျောင်းသားမိဘတွေက သားသမီးတွေကို ကျောင်းလွှတ်ရမှာစိုးရိမ်ပူပန်နေပါတယ်။
တဖက်မှာလည်း စစ်ကျွန်ပညာရေး ဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေရှိနေသလို ကျောင်းဆရာ ဆရာမတွေ အများအပြားလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုလုပ်နေတာတွေလည်း ရှိပါတယ်။