လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့် မိုးဗြဲမှာ တောင်ယာလုပ်နေတဲ့ပြည်သူနှစ်ဦး ထိမှန်ပြီး တဦး သေဆုံးသွားကာ၊ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
ရှမ်းကယားနယ်စပ် မိုးဗြဲမြိုးပေါ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေခဲ့ပြီး တောင်ယာမှာ အလုပ်လုပ်နေတဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး လက်နက်ကြီး ထိမှန်ကာ အမျိုးသမီးတဦး သေဆုံးခဲ့တာလို့ မိုးဗြဲ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
“ကျနော်တို့ သွားပြီးတော့ ထိခိုက်တဲ့ လူတွေကို သွားဆွဲမယ့်အချိန်မှာ ကျနော်တို့ ခေါင်းပေါ်မှာ ကျည်ဆန်တွေဝဲနေတဲ့ ပုံစံ ပစ်ခတ်လာတဲ့ ပုံစံပေါ့ ကျနော်တို့ကယ်ဆယ်ရေးအဖွဲ့ကို၊ ကျနော်တို့ ရှေ့တိုးဖို့ အဆင်မပြေလို့ ကျနော်တို့စောင့်ဆိုင်းနေရတာ၊ အဲမှာစောင့်တော့ တဦးက ဆုံးသွားတာဗျာ။”
လက်ရှိမှာတော့ သူတို့နှစ်ဦးလုံးကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ပေမယ့် အမျိုးသမီးတဦးကတော့ သေဆုံးသွားပြီး အမျိုးသားကတော့ ဒဏ်ရာပြင်းထန်နေတယ်လို့လည်း ပြောပါတယ်။
မိုးဗြဲ PDFကို ဒီဗွီဘီက မေးမြန်းရာမှာတော့ စစ်ကောင်စီဘက်က မိုးဗြဲကို ထိုးစစ်ဆင်ဖို့ လမ်းကြောင်း ရှင်းတဲ့သဘောနဲ့ လက်နက်ကြီး ပစ်ခတ်နေတာဖြစ်ပြီး PDF နဲ့ ဒီမနက်ပိုင်းအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမရှိသေးကြောင်း ပြောပါတယ်။
“၁၁ နာရီလောက်က သူတို့ လက်နက်ကြီးတွေနဲ့ပစ်တာ။ ကျနော်တို့ဘက်က အခု ပြင်ဆင်နေတုန်း ပါပဲ။ ဘယ်လိုကြောင့် ပစ်တယ်လို့မသိဘူး။ သူတို့မိုးဗြဲကို စစ်ကြောင်းထိုးဖို့အတွက် လက်နက်ကြီးနဲ့ အရင်ဟန့်တားတယ်လို့ထင်တာပဲ။ ”
အောက်တိုဘာ ၂၄ ရက်နေ့တုန်းက လွိုင်ကော်ကနေ ဖယ်ခုံဆီ ချီတက်လာတဲ့ စစ်ကောင်စီ တပ် ယာဉ်တန်းကို မိုးဗြဲ PDF နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ကပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ် ခလရ ၄၂၂ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တဲ့အတွက် မိုးဗြဲမြို့၊ စည်ကား ၁ ရပ်ကွက်နဲ့ စည်ကား ၃ ရပ်ကွက်တွေမှာ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲပြီး ကလေးငယ်တွေ အပါအဝင် ၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ - ဝက်တင်းဖေ့စ်ဘွတ်ခ်