ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ အောက်တိုဘာ ၂၈ ရက်နေ့က ပျူစောထီးခေါင်းဆောင်ဆိုသူ အမျိုးသားတစ်ဦး အသတ်ခံရအပြီး လူငယ် ၁၀ ဦး ထက်မနည်းကို ဖမ်းဆီးစစ်ဆေးနေပါတယ်။
လူငယ် ၁၀ ဦး ထက်မနည်းကို မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဘိုကလေးမြို့မ ရဲစခန်းကိုခေါ်ယူပြီး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးစစ်ဆေးနေတာလို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ညနေ ၄ နာရီလောက်မှာ ရဲနှစ်ဦးက မောင်လေးကို အိမ် လာခေါ်သွားတယ်၊ စစ်ဆေးစရာရှိလို့လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာ။ ကျမမောင်က အခြားနယ်မှာ အလုပ်လုပ်ပြီး ဘိုကလေးကို ပြန်လာတာ မကြာသေးဘူး။ အဲ့ဒါကိုစစ်ဆေးစရာရှိလို့ဆိုပြီး လာခေါ်သွားတာ" လို့ စစ်ဆေးမေးမြန်းခံရသူ အမျိုးသားရဲ့ အစ်မဖြစ်သူက ပြောပါတယ်။
ခေါ်ယူစစ်ဆေးခံရတဲ့ အမျိုးသားကို စစ်ဆေးမေးမြန်းပြီးနောက် ညပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီး ရဲစခန်းမှာ လူငယ် ၅ ဦးလောက် ဆက်လက်စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
သေနတ်နဲ့ ပစ်သတ်သွားသူနဲ့ အရပ်အမောင်းတူတဲ့သူတွေကို လိုက်လံခေါ်ယူ စစ်ဆေးနေတာလို့ ပြန်လွတ်လာသူတဦးက ပြောပါတယ်။
ပျူစောထီးခေါင်းဆောင်ဆိုပြီး အမည်ထွက်နေတဲ့ ချစ်စမ်းမောင်ဆိုသူဟာ မြို့မဈေးအတွင်း သူ့ဆိုင်မှာ စက်ချုပ်နေစဉ် သေနတ်နဲ့ နားထင်ကို ပစ်ခံရလို့ သေဆုံးခဲ့တာပါ။