Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်း ပစ်ခတ်မှု ရပ်ဆိုင်းပေးရန် ရှမ်းသံဃာနှင့်ပြည်သူများ တောင်းဆို
DVB
·
October 27, 2021
244677900_4379808698801603_3617727591052142742_n

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပြီး ပြဿနာကို ဆွေးနွေးညှိနှိုင်း အဖြေရှာဖြေရှင်းဖို့ သျှမ်းပြည်သံဃာနဲ့ပြည်သူ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ 

ရှမ်းပြည်နယ်ထဲမှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုဖြစ်တဲ့ SSPP/SSA နဲ့ RCSS/SSA တို့အပြင်   မဟာမိတ်တပ်တွေလည်း ပါဝင်ပြီး လတ်တလော တိုက်ပွဲတွေ ကျယ်ပြန့်ကြီးမားလာတာကြောင့် ရှမ်းပြည်သူလူထုတွေဟာ စစ်ဘေးဒဏ်ခံနေကြရတာပါ။

SSPP/SSA နဲ့ RCSS/SSA တို့ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစ ရှမ်းပြည်မြောက်ပိုင်း သီပေါ၊ နမ္မတူ၊ နမ့်လန် နဲ့ ကျောက်မဲမြို့နယ်တွေမှာ တိုက်ပွဲစဖြစ်ခဲ့ပြီး ဒီနှစ်ထဲမှာတော့ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်၊ ကျေးသီးမြို့နယ်တွေမှာ ကူးစက်လာကြောင်း၊ ဒေသတွင်းရှိ ရဟန်းသံဃာနဲ့ ပြည်သူတွေဟာ စဉ်ဆက်မပြတ် စစ်ဘေးရှောင်နေရပြီး ၂၀၂၁ ခုနှစ်ထဲမှာတင် ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရှောင်ပြည်သူ ၂၅၅၇ ဦးနဲ့ တောင်ပိုင်းမှာ ၇၀၀၀ လောက်ရှိနေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ကိုဗစ် - ၁၉ ကပ်ရောဂါပါ ပြင်းထန်စွာ ဆိုက်ရောက်လာတာကြောင့် ကျန်းမာရေး၊ စားဝတ်နေရေး ပြဿနာ အခက်အခဲမျိုးစုံ နဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲမှာ ပြည်သူတွေရဲ့ အိုးအိမ်တွေ မီးရှို့ခံရတာ၊ ဘာသာရေးအဆောက်အဦတွေ ထိပါးတာ၊ တချို့စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ခြိမ်းခြောက်ခံရတာရှိပြီး အသက်အန္တရာယ်စိုးရိမ်ရလို့ နေရပ်မပြန်ရဲဘဲ အိုးအိမ်စွန့်လွှတ်ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း၊ တိုက်ပွဲအကျိုးဆက်ကြောင့် အမျိုးသားရေးကို သာမက လူ့အခွင့်အရေးနဲ့ ဌာနေတိုင်းရင်းသားအခွင့်အရေးကိုပါ ဆိုးရွားစွာ ထိခိုက်နေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ မိဘပြည်သူတွေရဲ့ ကောင်း ကျိုးနဲ့ အမျိုးသားရေးကို စောင့်ရှောက်ငှဲ့ကွက်ခြင်းအားဖြင့် တိုက်ပွဲတွေအမြန်ဆုံးရပ်တန့်ပြီး တပ်ဖွဲ့ကြားက ပြဿနာတွေကို အမြန်ဆုံး ဆွေးနွေးညှိနှိုင်းအဖြေရှေ ဖြေရှင်းကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

ရှမ်းလက်နက်ကိုင်ချင်း တိုက်ခိုက်မှုတွေရပ်စဲဖို့ သံဃာနဲ့ ပြည်သူတွေဟာ ဟိုယခင်ကတည်း ကလည်း အကြိမ်ကြိမ်ထုတ်ပြန်တောင်းဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့် ကိုယ့်အဖွဲ့နဲ့ကိုယ်သာ တောင်းဆိုကြပြီး ဒီတကြိမ်ကတော့ ရှမ်းပြည်နယ်တဝှန်း မြို့နယ်ပေါင်း ၄၀ ကျော်က သံဃာနဲ့ပြည်သူတွေ စုပေါင်းတောင်းဆိုကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် သံဃာနဲ့ လူထုကိုယ်စားလှယ်တွေလွှတ်ပြီး သက်ဆိုင်ရာတပ်ဖွဲ့တွေဆီ သွားရောက်စေ့စပ်ညှိနှိုင်းတာတွေ လုပ်ဆောင်သွားမယ်လို့  သျှမ်းပြည်သံဃာနဲ့ ပြည်သူငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒဝံသက ဒီဗွီဘီကို ပြောပါတယ်။ 

“သံဃာနဲ့ပြည်သူပူးပေါင်းတဲ့ဒီအဖွဲ့က ဖွဲ့ထားတာမကြာသေးတော့ အရင်ဆုံးထုတ်ပြန်ကြေညာတောင်းဆိုတယ်၊ နောက်တစ်ခါ ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ တပ်ဖွဲ့တွေဆီသွားပြီး ကိုယ်တိုင်တွေ့ဆုံညှိနှိုင်း ဆွေးနွေးစေ့စပ်ပေးနိုင်ရင် အကောင်းဆုံးပါ။ အဲလိုလုပ်ဆောင်နိုင်ဖို့လည်း ဦးဆောင်ကော်မတီဝင်တွေက ဆက်ပြီး ဆွေးနွေးသွားကြမှာပါ။”

ကော်မတီအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့အခက်အခဲနဲ့ ရှမ်းပြည်တွင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုအတွက်လည်း ပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ် ။ 

သျှမ်းပြည်သံဃာနဲ့ပြည်သူ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို ရှမ်းပြည်နယ်တွင်းရှိ  သံဃာတော်များအဖွဲ့၊ လူထုအခြေပြုအဖွဲ့နဲ့ ပြည်ပရောက် ရှမ်းအဖွဲ့အစည်းကိုယ်စားလှယ် စုစုပေါင်း ၁၂၄ ဦးနဲ့ အခုလ ၁၇ ရက်နေ့က ကော်မတီဖွဲ့စည်းခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024