စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ CDM ဆရာဝန်တွေကိုရှုတ်ချပွဲ ဦးဆောင်ပြုလုပ်ခဲ့တဲ့ အမျိုးသား တယောက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ Kanbalu underground warriors (KBU-UG) အဖွဲ့က အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
မြို့ခံတွေအကြား ဒလန်လို့ သတ်မှတ်ခံထားရတဲ့ ကိုအောင်သူထွန်းကို သူ သစ်သီးရောင်းနေကျ ကန့်ဘလူမြို့ ရွှေစည်ကြီးဘုရားအနီးမှာ အောက်တိုဘာ ၁၇ ညနေ ၅ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ပစ်လိုက်တဲ့သူက လူကြားထဲ အရဲစွန့်ဝင်ပစ်ရတာလေ။ အဲဒီမှာ ထိပြီး ကျည်ဒဏ်ရာနဲ့ အနီးနားက မြို့မရဲစခန်းထဲကို ချက်ချင်း ဝင်ပြေးသွားတယ်။ သေလား ရှင်လား နောက်ဆက်တွဲ အခြေအနေကိုတော့ အခုထိ မသိရသေးဘူး”လို့ KBU-UG တာဝန်ရှိသူက ပြောပါတယ်။
သေနတ်ပစ်သတ်ခံရသူဟာ လက်ရှိ ကြံ့ခိုင်ရေးပါတီဝင် ကန့်ဘလူ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဝင်းဆွေရဲ့သား ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွေ စတင်ကျယ်ပြန့်လာခါစက တနိုင်ငံလုံး ဘယ်နေရာမှာမှ မလုပ်တဲ့ CDM ဆရာဝန်များရှုတ်ချပွဲကို မတ်လ ၁ ရက်နေ့က ကန့်ဘလူ ခုတင် (၁၀၀) ဆေးရုံရှေ့မှာ ကိုအောင်သူထွန်းက ဦးဆောင်ပြုလုပ်ခဲ့တာပါ။
“ပြည်သူ့အကျိုးဆန့်ကျင်သော ဆရာဝန်များ အလိုမရှိ ဘာတဲ့ ဆရာဝန်ကျင့်ဝတ်နှင့်မညီသော CDM ဆရာဝန်များ အလိုမရှိ ဆိုပြီး အဲ့နေ့က အော်ကြတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။