မန္တလေး ဗဟိုအကျဥ်းထောင် (အိုးဘို) ကနေ အောက်တိုဘာလ ၁၈ ရက် ဒီကနေ့ လွတ်မြောက်သူ စုစုပေါင်း ၈၀ ရှိတယ်လို့ အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် မန္တလေး အိုးဘိုထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဥ်းသား ၇၇ ဦး၊ အကျဥ်းသူ ၃ ဦး တို့ကို စစ်ကောင်စီက လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ပြန်လွတ်လာတဲ့သူတွေထဲမှာ မိုးကုတ်မြို့က ရေပူဆရာတော် ၊ ဦးဇင်းရေဝတ ၊ ကိုစိုးဌေးရဲ့ ဇနီးနဲ့ သမီးစတဲ့ လူသိများသူတွေအပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ တော်တော်များများ လွတ်မြောက်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီးသား အကျဉ်းသား ၁၃၁၆ ဦးနဲ့ တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။