စစ်ကိုင်းတိုင်းက ခင်ဦး၊ ဝက်လက်နဲ့ ရေဦးမြို့နယ်တွေမှာ အောက်တိုဘာ ၁၆ ရက်နေ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ စစ်ပြန်တစ်ဦးတို့ကို နယ်မြေခံ မြေအောက် တော်လှန်ရေးအဖွဲ့တွေက သုတ်သင်ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။
ခင်ဦးမြို့နယ်၊ ထနောင်းကိုင်းကြီးကျေးရွာအုပ်စု၊ မင်းဝံစိုက်ကွင်းက ဝင်းထွန်းနဲ့ ဘိုဘို ပျူစောထီး ညီနောင်နှစ်ယောက်ကို အောက်တိုဘာ ၁၆ ရက်က တောကြီးမြွေဟောက်အဖွဲ့-ခင်ဦးက ရှင်းလင်းသုတ်သင်လိုက်တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်၊ ကျီးပန်းကန်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်ဦး လင်မယား နှစ်ယောက်ကိုလည်း အောက်တိုဘာ ၁၆ ရက်က ဗိုလ်နဂါးနဲ့ ဗိုလ်မိုးကြိုးတို့ ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
ရေဦးမြို့နယ်၊ တမာတောရွာက စစ်ပြန်တစ်ဦးဖြစ်သူ ဦးအောင်နိုင်ကိုလည်း အောက်တိုဘာ ၁၆ ရက် နေ့လယ် ၂ နာရီလောက်က ဆိုင်ကယ်နဲ့လူတွေက လာရောက်ခေါ်ဆောင် ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
တော်လှန်ရေးကာလမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေး ဒလန်တွေ၊ ပျူစောထီးတွေကြောင့် CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားပြည်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်လို့ အခုလို ရှင်းလင်းသုတ်သင်ကြတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။