ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့က သပိတ်ခေါင်းဆောင် ၅ ဦး စစ်သင်တန်းတက်ရောက်ပြီ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်တယ်လို့ မဟုတ်မမှန်စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်၊
ဖမ်းဆီးခံရသူ ၅ ဦးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီနောက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ သူတွေသာ ဖြစ်ပြီ စစ်ကောင်စီက အမှုဖွင့် လိုက်လံဖမ်းဆီးတာကြောင့် ရှောင်ပုန်းနေကြတဲ့သူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ထုတ်ပြန်သလို စစ်သင်တန်းတက်ရောက်ပြီး အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်နေတဲ့သူတွေ မဟုတ်ဘဲ ရှောင်ပုန်းနေကြချိန်မှာ ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်၊
သူတို့ ငါးဦးအဖမ်းခံရစဥ်က လက်နက်ခဲယမ်းတွေနဲ့အတူဖမ်းမိခံရတာ မဟုတ်ဘဲ စစ်ကောင်စီက သတင်းထုတ်ပြန်မှ လက်နက်တွေနဲ့ ဓာတ်ပုံတွဲရိုက်ထားတာ မြင်ရတာဖြစ်ပြီ မဆိုင်တဲ့သူ ၄ ဦးကိုပါ အမှုနဲ့ ဆက်နွှယ်တယ်ဆိုကာ လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
ဒေသခံက “သူတို့ ၅ ယောက် ဖမ်းဆီးခံလိုက်ရချိန်မှာ ဘာလက်နက်မှ မရှိဘူး။ သတင်းထုတ်ပြန်မှ လက်နက်တွေက ပါလာတာ။ သူတို့လက်နက်တွေဆိုပြီး လုပ်သွားတာ။ ပြီးတော့ မဆိုင်တဲ့သူ ၄ ဦးကိုပါ အမှုထဲ ဆွဲထည့်ထားတယ်။” လို့ ပြောပါတယ်။
ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့က သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ပြည့်ဖြိုးဟိန်း (ခ)ကိုဟိန်း၊ အောင်ဝင်းစိုး၊ စိုးပိုင်၊ လှမျိုးဦး(ခ)ဖိုးစိုး၊ ငြိမ်းချမ်းတို့ ငါးဦးကို အောက်တိုဘာ ၁၄ ရက်က ဖမ်းဆီးမိပြီ စစ်ဆေးမေးမြန်းချက်အရ လက်နက်တွေထားတဲ့နေရာကို ရှာဖွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဇော်မင်းအောင်(ခ)ဇော်လေး၊ ကျော်သူရ၊ ခင်မောင်စိုး၊ နန္ဒမင်းအောင်တို့ ၄ ဦးကိုလည်း ပတ်သက် ဆက်နွှယ်သူများအဖြစ် စွပ်စွဲကာ မိသားစုဝင်တွေကို စစ်ကောင်စီက အဓမ္မရိုက်နှတ် မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေ ပြည့်ဖြိုးဟိန်း(ခ)ကိုဟိန်း၊ အောင်ဝင်းစိုး၊ စိုးပိုင်၊ လှမျိုးဦး(ခ)ဖိုးစိုး၊ ငြိမ်းချမ်း တို့အပြင် ပတ်သက်ဆက်နွှယ်သူ ဆိုတဲ့ ဇော်မင်းအောင်(ခ)ဇော်လေး၊ ကျော်သူရ၊ ခင်မောင်စိုး၊ နန္ဒမင်းအောင်တို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၄၉(က) /၅၀ (က) / ၅၂ ( က) တို့နဲ့ အမှုဖွင့် ထားပါတယ်။