မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ကျေးရွာတချို့မှာ EPC ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေက မီတာခ အတင်းအကျပ်လိုက်ကောက်နေပြီး မပေးပါက မီတာ ဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က မှိုင်းပန်ကျေးရွာမှာ EPC ဝန်ထမ်းတွေ၊ စစ်တပ်နဲ့ရဲ အင်အား ၁၃ ယောက်ဝန်းကျင်က မီတာခကို အသုံးအနည်းအများပေါ်မူတည်ပြီး ဖေဖော်ဝါရီလကစတင်ကာ လချုပ်ပေါင်းကောက်ခံနေပြီး တစ်အိမ်ကို လေးငါးသောင်းကနေ ခုနှစ်သိန်းရှစ်သိန်းအထိ ပေးနေရတယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက "သူတို့က ဒီလိုအိမ်တိုင်ရာရောက် လာမကောက်ခင် တစ်ရက်နှစ်ရက်လောက်ကြိုပြီး ရွာထဲမှာ မိုက်နဲ့လှည့်အော်တယ်။ မီတာခမပေးရင် မီတာပုံးတွေပါ ဖြုတ်မယ်လို့ ပြောတယ်။ အရင်က အုပ်ချုပ်ရေးမှူးနဲ့ EPC ဝန်ထမ်းတွေလောက်ပဲ လာကောက်တာဆိုတော့ ရွာသားတွေက မပေးဘဲလည်း နေကြတယ်။ အခုက ရဲတွေကော၊ စစ်သားတွေပါ ပါလာပြီး အိမ်တွေကိုပါ ချိပ်ပိတ်မယ်လုပ်ကြတော့ ကြောက်ပြီး ရသလောက် ချေးငှါးပေးရတာပေါ့'' လို့ ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ကျောက်ဆည်မြို့ ကုန်းကြီးရွာနဲ့ စဉ့်ကွန်းရွာကို ရဲစစ်သား အင်အား ၄၀ လောက် ဝင်လာပြီး မီတာခအတင်းကောက်ခံကာ မီတာပုံးတွေကို ဖြုတ်သိမ်းသွားကြတယ်လို့ ဆိုပါတယ်။
ကုန်းကြီးရွာက မီတာခမပေးနိုင်တဲ့ အိမ်တချို့ကို မီတာပုံးတွေ ချက်ချင်း ဖြုတ်သွားပြီး စဉ့်ကွန်းရွာမှာတော့ မီတာခမပေးတာကြောင့် တရွာလုံးနီးပါး မီတာဘုံးတွေ ဖြုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စဉ့်ကွန်းရွာကို စစ်ကောင်စီဘက်က အသွားအလာကန့်သတ်ထားကြောင်း ဆိုပါတယ်။
မီတာခအဆမတန်ကောက်ခံကာ ပြည်သူကိုခြိမ်းခြောက်နေတဲ့ ကျောက်ဆည် EPC ရုံးကို ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်နေ့ ည ၁၀ နာရီမှာ ဖောက်ခွဲခဲ့ပြီး သတိပေးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့မှာလည်း ထပ်မံသတိပေးစာထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရွာအုပ်ချုပ်ရေးမှူး၊ EPC ဝန်ထမ်းတွေ ဆက်လက်ကောက်ခံ ဖြုတ်သိမ်းနေတာကြောင့် လုပ်ရပ်နဲ့ ပြင်းပြင်းထန်ထန်ရပ်တန့်ပေးရလိမ့်မယ်လို့ ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။