Home
မြန်မာသတင်း
မြန်မာ-တရုတ် နယ်ခြားစည်းမျဉ်းကျွံပြီး တရုတ်ဘက်က လမ်းဖောက်နေ
DVB
·
October 13, 2021
244598843_542185823496082_1620387475454713188_n
244558976_542185940162737_3013452238017643908_n
244343392_542185990162732_4607987115495706759_n
244866329_542186040162727_509503252816881012_n
244760730_542186203496044_6372553850858298077_n
244759475_542185770162754_6807284121649670854_n
244705665_542185883496076_3343692791031170884_n
244692368_542186086829389_1668723335226505355_n
244672854_542186146829383_9013873808552952563_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ ရပ်ကွက် ၁၊ မန့်မိုင်ရပ်မှာ တရုတ်ဘက်က မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားတဲ့ နယ်ခြားစည်းမျဉ်းထက် ၁၀ ပေကျော် ကျော်လွန်ကာ ရေလယ်မှာ ကျောက်ချ လမ်းဖောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တရားဝင် သတ်မှတ်ထားတဲ့ နေရာထက် ကျော်လွန်ပြီး တရုတ်ဘက်က လမ်းတွေ လုပ်နေတယ်။ ရေလယ် ကျောက်ချပြီး လမ်းလုပ်နေတယ်။ ချောင်းထဲ ၁၅ ပေလောက် ဝင်လာတယ်။ အရင်က ချောင်း ‌ပေ ၂၀ ‌လောက်ရှိတယ်။ ကြူကုန် (ပန်ဆိုင်း) မြို့၊ ရပ်ကွက် ၁၊ မန့်မိုင်ရပ်မှာ။ ဒီ ချောင်းအလယ်ထိ ရောက်နေတယ် သူတို့ကျောက်တွေ။ အစကတော့ ချောင်းက အုတ်တံတိုင်းထိ ကျယ်တယ်။ ပတ်ကင်းလမ်းဖောက်တာနေမယ်။ မုံးကိုးထိ ကာမလား မသိဘူး။ ရေကြီးလာလို့ လယ်ဘက် တိုက်စားလာလို့ ဝါးရုံနား စည်းရိုးလာလုပ်ရင်တောင်မှ သူတို့ သေနတ်နဲ့ ရောက်လာတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။  

နှစ်နိုင်ငံ နယ်ခြားစည်းမျဉ်းရဲ့ ၁၀ မီတာ အကွာအတွင်း ဘာမှမလုပ်ရဘူးလို့ သတ်မှတ်ချက် ရှိထားပေမဲ့ တရုတ်ဘက်က ချိုးဖောက်ပြီး ၁၀ မီတာအတွင်း မြန်မာဘက်ခြမ်း ချောင်းအလယ်ထိ ကျောက်တွေ၊ မြေတွေဖို့ကာ နယ်ခြား စည်းမျဉ်းတလျှောက် တံတိုင်းကာတဲ့အပြင် ကင်းပတ်လမ်းပါ မြန်မာဘက် စည်းကျော်ဝင်ရောက်ဖောက်လုပ်နေတာကြောင့် လယ်ယာမြေတွေ ထိခိုက်လာမှာ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“သူတို့ ဒီချောင်းမှာ ဒီလိုလုပ်လာလို့ ပန်ဆိုင်းဘက်ခြမ်းက လယ်တွေထဲ ရေတွေ ရောက်ကုန်တယ်။ မိုးရွာရင် ပိုဆိုးမှာ။ ချောင်းက ဒီ မြန်မာဘက်ခြမ်း ရောက်သွားမှာ။ လယ်တော အလယ်လောက် ရောက်သွားလိမ့်မယ်။ အခုတောင် ချောင်းက မြန်မာနိုင်ငံဘက်ခြမ်းလှည့်လာပြီ။ သူတို့လုပ်တဲ့ ပုံစံက။ ဒီနေရာက ပန်ဆိုင်း ရပ်ကွက် ၁ မှာပါတယ်။ အရင်တုန်းက မန့်မိုင်ရပ် လို့ခေါ်တယ်။ တကယ်ဆိုရင် သူတို့ ဒီ ချောင်းထဲကို အဲလို လုပ်လို့မရဘူး။ ၁၀ ပေကျော်တောင် ဝင်လာတယ်။ ညရော နေ့ည မနားမနေလုပ်နေတယ်။ ၁၀ မီတာအတွင်းမှာ ဘာမှ လုပ်လို့ မရဘူးဆိုပေမယ့် သူတို့က ၁၀ မီတာအထဲ ရောက်နေပြီ။ နဂိုနေရာက သံပုရာပင် စိုက်ထားတဲ့နေရာထိရောက်တယ် ချောင်းက။” လို့ လယ်ပိုင်ရှင် ၁ ဦးက ရှင်းပြပါတယ်။ 

မကြာသေးမီလက  အဲဒီရွာက လူတွေ ဌာနဆိုင်ရာကို အကြောင်းကြားတင်ပြတာကြောင့် မြန်မာဘက်က ဌာနဆိုင်ရာတွေ လာကြည့်ပေမယ့် အဲဒီအချိန် ခဏပဲ ရပ်ဆိုင်းထားပြီး အခု ပြန်ဆက်လုပ်နေတော့ အခု ဌာနဆိုင်ရာ အစုံ မြေစာရင်း၊ ထွေအုပ်၊ ရဲ၊ သတင်းအဖွဲ့ တွေအားလုံးကို ပြန်အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဌာနဆိုင်ရာတွေအနေနဲ့ ဘာမှ မလုပ်ပေးပါက ဒေသခံတွေကိုယ်တိုင် အဲဒီကျောက်တွေကို သွားဖြိုပစ်မယ်ဆိုပြီး စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

မြန်မာ-တရုတ်နယ်စပ် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲအတွင်းက စစ်ဘေးဒုက္ခသည်တွေ ရှိနေတဲ့ဘက်မှာလည်း ဩဂုတ်လလယ်ပိုင်းမှာ တရုတ်ဘက်က နယ်ခြား ခြံစည်းရိုး အလျင်အမြန် တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မန်ဟီးရိုးမြို့နယ်ခွဲ၊ ဟက်ဟင်ရွာမှာ မြန်မာ-တရုတ် နယ်ခြားစည်းကျော်ပြီး တရုတ်ဘက်က နယ်ကျွံ စည်းရိုး ကာယူထားတာကြောင့် ဒေသခံတွေ ဆန္ဒပြကာ ပြန်လည် ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။

တရုတ်နိုင်ငံဘက်က ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက ကိုဗစ်-၁၉ အကြောင်းပြပြီး မြန်မာ-တရုတ် နယ်စပ်တလျှောက် နယ်ခြား အုတ်တံတိုင်းကာရာမှာ မြန်မာဘက် စည်းကျော်ဝင်ရောက် လာတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024