ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့နဲ့ တရုတ် နိုင်ငံ ကုန်သွယ်မှုကို အောက်တိုဘာ ၆ ရက်နေ့က စတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းကလွဲပြီး ကျန်ကုန်ပစ္စည်းတွေ တင်သွင်းမှုကို ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရပါတယ်။
“နယ်စပ်ကုန်သွယ်ရေးကနေ ၆ ရက်နေ့ကစပြီး မြန်မာပြည်ကနေ တရုတ်ကို တင်ပို့တဲ့ ကုန်တွေကို ယာယီပိတ်ထားမယ်လို့ စာထုတ်လာတာရှိတယ်” လို့ ချင်းရွှေဟော်မှာ နေထိုင်တဲ့ မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။
ချင်းရွှေဟော် နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံဒေသအသီးသီးက ထွက်ရှိတဲ့ ဆန်၊ ပြောင်း၊ ကြံ၊ ပဲ စတဲ့ စိုက်ပျိုးထုတ်ကုန်တွေကို တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဘက်ကနေ စက်မှုထွက်ကုန်၊ လူသုံးကုန်နဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကို မြန်မာဘက်ကို တင်သွင်းနေပါတယ်။
အခုလို တင်ပို့ခွင့်တွေ ပိတ်လိုက်တဲ့အတွက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး ခက်ခဲသွားနိုင်တယ်လို့ လုပ်သားတွေက ဆိုပါတယ်။
“ကျနော်တို့တွေက မြန်မာပြည်အလယ်ပိုင်းကနေလာပြီး နယ်စပ်မှာ ကာယလုပ်သား လုပ်နေကြတာပါ။ အခုလို ဂိတ်ပိတ်လိုက်လို့ နှစ်ဘက်ကုန်ကားတွေ မလာတော့ဘူးဆိုရင် ပစ္စည်းဂိုဒေါင်တွေမှာ ကုန်တင် ကုန်ချလုပ်တဲ့ လုပ်သားတွေနဲ့ တခြားရရာအလုပ်လုပ်နေကြတဲ့ အောက်ခြေလုပ်သားတွေ စားဝတ်နေရေး ခက်ခဲသွားနိုင်တယ်” လို့ လုပ်သားတစ်ဦးက ဆိုပါတယ်။
လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းကြောင်းဟာ မြန်မာ- တရုတ် ကုန်သွယ်ရေးမှာ ဒုတိယအကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
လက်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်နဲ့ ချင်းရွှေဟော်ကို ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ဖို့အတွက်လည်း ဒေသဦးစီးအဖွဲ့က အသွားအလာကန့်သတ်ထားပါတယ်။