မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကျောက်စောင်းကျေးရွာက NLD ပါတီ ထောက်ခံ ဝန်းရံသူတွေကို ကောက်လျင်စပါး ရိတ်သိမ်းခွင့် ပိတ်ပင်ထားတာကြောင့် တောင်သူတွေ အခက်ခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်စောင်းကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မျိုးက ကောက်လျင်စပါး ပေါ်ချိန်မှာ NLD ပါတီထောက်ခံဝန်းရံသူတွေရဲ့ ကောက်လျင်စပါး မှန်သမျှ တစ်ယောက်မှ ရိတ်သိမ်းခွင့်မပေးဘူးဆိုပြီး အမိန့်ထုတ်ထားတာကြောင့် တောင်သူတွေ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံရွာသားတစ်ယောက်က DVB ကိုပြောပါတယ်။
ဒါ့အပြင် စိုက်ပျိုးစရိတ် ချေးငွေတွေကိုလည်း စက်တင်ဘာ ၂၈ ရက်နေ့နောက်ဆုံးထား ပြီးတော့ ပေးဆပ်ဖို့ အတင်းအဓမ္မတောင်းခံနေပြီး ပြန်မဆပ်နိုင်ပါက လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ ၇ တွေကို သိမ်းယူမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက ဒီနေ့အချိန်ထိ ကျောက်စောင်းကျေးရွာမှာ တပ်စွဲထားပြီး NLD ပါတီထောက်ခံဝန်းရံတဲ့ သူ ၁၅ ယောက် လောက်ကို ဖမ်းဆီးရိုက်နှက်နှိပ်စက်နေတာကြောင့် ပါတီဝန်းရံတဲ့သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။