စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရေအေးကျေးရွာတောင်ဘက်မှာ စက်တင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းမှာ ခရီးသွားပြည်သူနှစ်ဦးကို စစ်တပ်က အကြောင်းမဲ့ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ငှက်ပျောတိုင်းနဲ့ စပါယ်နံ့သာကြားက ရေအေးကျေးရွာတောင်ဘက်မှာပါ။ ခရီးသွားပြည်သူနှစ်ဦးကို စစ်တပ်က ပစ်သတ်တယ်လို့ သိရတယ်။ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာတော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အခင်းဖြစ်နေရာဟာ ရွာနဲ့ အလှမ်းဝေးတာကြောင့် ပြည်သူ ၂ ဦးအား စစ်တပ်က ဘာကြောင့် ပစ်သတ်လိုက်တယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
သေဆုံးသူတွေကို ကန့်ဘလူ ရဲတွေက ဆေးရုံပို့လိုက်ပြီး ကရုဏာရှင် ကျန်းမာရေးဝန်ဆောင်မှုအသင်းက မီးသင်္ဂြိုဟ်ပေးလိုက်တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာဟာ ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်မှာ တည်ရှိပြီး စစ်တပ်က စစ်ဆေးရေးဂိတ်လုပ်ကာ ကားဆိုင်ကယ်တွေ တားဆီးစစ်ဆေးနေခဲ့တာ လအတန်ကြာပြီလို့ သိရပါတယ်။