ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့ရှိ လမ်းဆုံ လွတ်လပ်ရေးကျောက်တိုင်အနီးမှာ စက်တင်ဘာ ၂၇ ရက် မနက် ၁၀ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးအနား ဝန်းကျင်မှာ ကင်းပုန်းနေထားတဲ့ အရပ်ဝတ် စစ်ကောင်စီဝင် ၃ ဦး မိုင်းစထိမှန် ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒဏ်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ ဗန်းမော်မြို့နယ်ရှိ ၄ မိုင်စစ်ဆေးရုံမှာ ဆေးကုသ နေတယ်လို့ သတင်းရရှိပါတယ်။
“ကျနော်တို့အိမ်နဲ့ နီးတယ်။ အသံအကျယ်ကြီးပဲ အနားကနေဖြတ်မောင်းသွားတဲ့ သုံးဘီး တစ်စီးလည်း ဗုံးထိမှန်သွားပြီး သုံးဘီးဆရာလည်း ထိသွားတာ ဟုတ်တယ်၊ စစ်သားတွေလည်း ထိသွားတယ်ကြားတယ်” လို့ မိုးမောက်မြို့ခံတစ်ဦးကပြောပါတယ်။
အဆိုပါဖောက်ခွဲမှုဟာ ဘယ်အဖွဲ့ရဲ့လက်ချက်လဲဆိုတာကိုတော့ မသိရသေးပါဘူး။ မိုးမောက်မြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ လအတွင်း မိုင်းဗုံးပေါက်ကွဲမှု ၈ ကြိမ်၊ လက်နက်ငယ်ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။