ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ ကောင်းစထီးရွာက စစ်ဘေးရှောင်တွေရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ရက်ပိုင်းက သော့ဖျက်ဝင်ရောက်မွှေနောက်ပြီး ပစ္စည်းတွေယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တစ်ဦးက "အိမ်ထဲကအကုန် ဖရိုဖရဲ မွှေနောက်ရှာဖွေပြီး ကြိုက်တာ ယူသွားကြတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ဘေးတိမ်းရှောင်နေတဲ့ ပြည်သူတွေ မွေးမြူထားသော ကြက်၊ ဝက်တွေကိုပါ သတ်စားခဲ့ကြတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။
"အိမ်ကို ခဏသွားကြည့်တော့ အိမ်မှာရှိတဲ့ တန်ဖိုးရှိ ပစ္စည်းတွေ၊ မွေးထားတဲ့ ကြက်၊ ဝက် တွေလည်း မရှိတော့ဘူး။ တံခါး သော့ခတ်ထားတာတောင် ရစရာမရှိအောင် ရိုက်ခွဲဖျက်ဆီး ပေးထားကြတယ်။”
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ကောင်းစထီးရွာကနေ ပြန်လည်ထွက်ခွာသွားကြပြီလို့ ဒေသခံတဦးက ပြောပါတယ်။
ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုးတို့မှာ စက်တင်ဘာ ၁၆ ရက်နေ့ကစ စစ်ကောင်စီတပ်ဘက်က တင့်ကားနှစ်စီးအပါအဝင် စစ်ကား ၃၀ ကျော်၊ Vego ၆ စီး၊ အင်အားအလုံးအရင်း နဲ့ ကြူကုတ် (ပန်ဆိုင်း) ကို စစ်ကြောင်းထိုး ချီတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၅ နာရီခွဲ ဝန်းကျင်မှာတော့ ပန်ဆိုင်းဘော်လုံးကွင်းမှာရပ်ထားတဲ့ စစ်ကားတွေ အားလုံး မုံးကိုးဘက် ချီတက်သွားပြီလို့ ဒေသခံမျက်မြင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဩဂုတ်လ ၄ ရက်နေ့ကစ ဖိုင်ကောင်း၊ ကောင်းစထီးရွာအပါအဝင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲက ကျေးရွာ ၉ ရွာက ဒေသခံ ၁၄၀၀ ကျော် တရုတ်နယ်စပ်တလျှောက် ယာယီရှောင်နေကြရပြီး တချို့က ဖြစ်သလို နေထိုင်နေကြရဆဲဖြစ်ပါတယ်။