ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မရဲစခန်းအချုပ်အတွင်းမှာ အချုပ်သားတစ်ဦး ကိုဗစ်-၁ ၉ ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
အချုပ်ကျနေသူတစ်ဦးရဲ့ ဇနီးက “ကျမသား သူ့အဖေ အချုပ်ကျနေတာကို ထမင်းချိုင့် သွားပို့တယ်။ လူချင်းတွေ့ခွင့်မရဘူး၊ စာပါလာတယ်။ အချုပ်ထဲမှာ ကောင်လေးတစ်ယောက် ကိုဗစ်ကူးစက်ခံရတဲ့အကြောင်း ရေးထားတယ်” လို့ ပြောပါတယ်။
စာထဲမှာတော့ အချုပ်သားတွေကို စက်တင်ဘာ ၁၉ ရက်ညနေက ကိုဗစ်-၁၉ စစ်ဆေးကြောင်း၊ တဆောင်တည်းနေ အမျိုးသားလူငယ်တစ်ယောက်ထံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရကြောင်း၊ သူ့အနေနဲ့ ကျန်းမာရေး ကောင်းမွန်တယ်ဆိုပြီး ပါရှိတယ်လို့ ဆိုပါတယ်။
အချုပ်ခန်းအတွင်း လူဦးရေ ၅၀ ကျော်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မူ အားနည်းနေတဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှာ စိုးရိမ်တယ်လို့လည်း အချုပ်ကျခံနေရသူရဲ့ ဇနီးသည်က ပြောပါတယ်။