မွန်ပြည်နယ် ရေးမြို့ ရေးချောင်းတောင်မြစ်ကူး တံတားပေါ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်တွေကို စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲကျော်က လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရေးချောင်းတောင်မြစ်ကူးတံတားဘေးမှာ ညနေဈေးရောင်းချနေတဲ့ ဈေးရောင်းသူနဲ့ စျေးဝယ်သူတွေပါ ရုတ်ရုတ်သဲသဲဖြစ်ပြီး စစ်ကောင်စီတပ်တွေက သေနတ် နဲ့ ၁၀ ချက်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေ့သူတဦး ပြောပါတယ်။
စျေးဝယ်သူ စျေးရောင်းသူတွေအပြင် တံတားပေါ်ကို ဖြတ်သန်းသွားလာနေကြတဲ့သူတွေပါ သေနတ်ပစ်ခတ်သံတွေ ကြားပြီး ချက်ချင်းရှောင်ပြေးကြသလို စစ်ကောင်စီတပ်တွေ လိုက်လံရှာဖွေနေတယ်လို့ ဒေသခံမျက်မြင်တဦးက ပြောပါတယ်။
အခု ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းတောင်မြစ်ကူး တံတားထိပ်ရှိ စစ်ကောင်စီလက်နက်ကိုင် စစ်ဆေးရေးဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားတစ်ဦးနဲ့ ရဲတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေး PDF က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။